ပုဂ္ဂလိကသို့ရောင်းချထားသော နိုင်ငံပိုင်ရုပ်ရှင်ရုံများနှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်ရန် ညှိနှိုင်းအစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပုဂ္ဂလိကသို့ရောင်းချထားသော နိုင်ငံပိုင်ရုပ်ရှင်ရုံများနှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်ရန် ညှိနှိုင်းအစည်းအဝေးကျင်းပ

 


MNP - ဇူလိုင်  ၃၀


ပုဂ္ဂလိကသို့ရောင်းချထားသော နိုင်ငံပိုင်ရုပ်ရှင်ရုံများနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရန် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ် ကုက္ကိုင်း ရိပ်သာလမ်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ အစည်းအဝေးခန်းမ၌ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်က တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရုပ်ရှင်ရုံနှင့်ပတ်သက်၍ တာဝန်ယူဆောင်ရွက်နေသည့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် Virtual Meeting ဖြင့် တွေ့ဆုံဆွေးနွေးသည်။


အစည်းအဝေးတွင် ဒုတိယဝန်ကြီးက ပုဂ္ဂလိကသို့ ရောင်းချခဲ့ပြီး နိုင်ငံပိုင်ရုပ်ရှင်ရုံများအနက် ရောင်းချစဉ်က စာချုပ်ပါစည်းကမ်းအတိုင်း ရုပ်ရှင်ပြသရေးလုပ်ငန်းကို ဆက်လက် ဆောင်ရွက်ခြင်း မရှိသည့်ရုပ်ရှင်ရုံဝယ်ယူထားသူများအား ရုပ်ရှင်ရုံဆောက်လုပ်ပြသနိုင်ရေး မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်စေလိုပါကြောင်း၊ စီးပွားရေးအခက်အခဲကြောင့် ရိုးရိုးသားသား ပျက်ကွက်သူများရှိသကဲ့သို့ ရုပ်ရှင်ရုံနေရာများကို အခြားစီးပွားရေး လုပ်ငန်းများအတွက် အသုံးပြုနေကြပြီး ရုပ်ရှင်ပြသခြင်းမရှိသူများလည်းရှိနေပါကြောင်း၊ စာချုပ်ပါစည်းမျဉ်းစည်းကမ်းများနှင့်အညီ ဥပဒေအရ ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်ပေးကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။


ထို့နောက် တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက မြေပြင်တွင် ရုပ်ရှင်ရုံများ ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ဆောင်ရွက်ထားခြင်းမရှိမှုတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးကြပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးကာ နိဂုံးချုပ်စကားပြောကြားသည်။


မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် အင်းစိန်မြို့နယ်ရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန အောင်ဆန်းပုံနှိပ်စက်ရုံ၊ စာပေဗိမာန်ပုံနှိပ်စက်ရုံ၊ ဂျီတီစီပုံနှိပ်စက်ရုံတို့သို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ စက်ရုံများမှ စက်ရုံမှူးများနှင့် အရာထမ်းများအား တွေ့ဆုံ၍ ဝန်ထမ်းများ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကြရန်၊ ပုံနှိပ်လုပ်ငန်းများဆောင်ရွက်ရာတွင် အရည်အသွေးကောင်းအောင် ကြပ်မတ်စစ်ဆေးလုပ်ဆောင်ကြရန်၊ စက်ပစ္စည်းများနှင့် ကုန်ကြမ်းပစ္စည်းများ ပျောက်ဆုံးပျက်စီးမှု မရှိစေရေးနှင့် စက်ရုံလုံခြုံရေးတို့ကို အလေးထားဆောင်ရွက်ကြရန် မှာကြားခဲ့‌ကြောင်း သိရသည်။


သတင်း - အောင်မြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)