၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်ကျောင်းသားကျောင်းသူများ ထိုင်းနိုင်ငံမှ စင်ကာပူနိုင်ငံသို့ လေ့လာရေးခရီးဆက်လက်သွားရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်ကျောင်းသားကျောင်းသူများ ထိုင်းနိုင်ငံမှ စင်ကာပူနိုင်ငံသို့ လေ့လာရေးခရီးဆက်လက်သွားရောက်







MNP ၊ ဇူလိုင် ၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်ချက်အရ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဝိဇ္ဇာဘာသာတွဲ၊ သိပ္ပံဘာသာတွဲ၊ ဝိပ္ပံဘာသာတွဲများတွင် မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံး အဆင့် ၁ မှ အဆင့် ၁၀ အတွင်း ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသားကျောင်းသူ ၃၃ ဦးကို ချီးမြှင့်ဂုဏ်ပြုသည့် အနေဖြင့် နိုင်ငံတော်က ဇူလိုင် ၄ ရက်မှ ၈ ရက်အထိ ထိုင်းနိုင်ငံနှင့် စင်္ကာပူနိုင်ငံတို့သို့ လေ့လာရေးခရီး ပို့ဆောင်ခဲ့သည်။

ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော ထူးချွန်ကျောင်းသားကျောင်းသူ လေ့လာရေးအဖွဲ့သည် ကြီးကြပ်သူ ဆရာဆရာမများ တာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၆ ရက်တွင် ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ Singapore Airlines ဖြင့် စင်ကာပူနိုင်ငံသို့ လေ့လာရေးခရီး ဆက်လက်ထွက်ခွာရာ ဒေသစံတော်ချိန် ၃ နာရီ မိနစ် ၄၀ တွင် စင်ကာပူနိုင်ငံ ချိန်ဂီအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိကြ၍ စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးနှင့် စစ်သံရုံးမှ တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် ထူးချွန်ကျောင်းသားကျောင်းသူ လေ့လာရေးအဖွဲ့သည် မြန်မာသံရုံးသို့ရောက်ရှိရာ သံရုံးယာယီတာဝန်ခံ ဦးစိုးမြင့်နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး လေ့လာရေးခရီးစဉ်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ ညစာဖြင့် တည်ခင်းဧည့်ခံသည်။ ယင်းနောက် ထူးချွန်ကျောင်းသားကျောင်းသူများ အဖွဲ့သည် Gardens by the Bay သို့ သွားရောက်လည်ပတ်ကြသည်။

ထူးချွန်ကျောင်းသားကျောင်းသူများ လေ့လာရေးအဖွဲ့သည် ဇူလိုင် ၇ ရက် နံနက်ပိုင်းတွင် စင်္ကာပူနိုင်ငံရှိ ကမ္ဘာလှည့်ခရီးသည်များ အများဆုံးသွားရောက် လည်ပတ်သည့် နေရာများဖြစ်ကြသော Sentosa Beach, Palawan Beach နှင့် Siloso Beach များသို့ သွားရောက်လည်ပတ်ကာ အမှတ်တရဓာတ်ပုံများ ရိုက်ကြပြီး Siloso Beach တွင် နေ့လယ်စာသုံးဆောင်ကြသည်။  

မွန်းလွဲပိုင်းတွင် Universal Studios Singapore သို့ သွားရောက်လည်ပတ်ကြသည်။ ဆက်လက်၍ Waterfront Station မှ မိုးပျံရထားစီးနင်း၍ VivoCity Station သို့သွားရောက်ပြီး လာရောက်ကြိုဆိုသည့် မော်တော်ယာဉ်များဖြင့် Science Center Singapore သိပ္ပံပြတိုက်သို့ သွားရောက်၍ လှည့်လည်ကြည့်ရှု လေ့လာကြသည်။ ယင်းနောက် လေ့လာရေးအဖွဲ့သည် Nanyang Technological University-NTU သို့ ရောက်ရှိရာ တာဝန်ရှိသူများက ကြိုဆိုကာ တက္ကသိုလ်အတွင်း လှည့်လည်ရှင်းလင်းပြသကြသည်။ ဆက်လက်၍ VivoCity သို့ သွားရောက်လည်ပတ်၍  ဈေးဝယ်ကြသည်။

ထိုမှတဆင့် Time Capsule တွင် စင်္ကာပူနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်လာမှု သမိုင်းကြောင်းကို လေ့လာကြည့်ရှုပြီး Singapore Flyer စီးနင်း၍ စင်ကာပူတစ်မြို့လုံး၏ ညအလှရှုခင်းကို ခံစားကြည့်ရှုကြသည်။

ထူးချွန်ကျောင်းသားကျောင်းသူ လေ့လာရေးအဖွဲ့သည် ဇူလိုင် ၈ ရက်တွင် Lavender ဘူတာမှ Raffles Place ဘူတာသို့ MRT ရထားစီးနင်း၍ စင်္ကာပူမြစ်ဘေးရှိ Boat Quay သို့ သွားရောက်လည်ပတ်ကြသည်။ ထို့နောက် Fullerton Hotel နှင့် Asian Civilisations Museum အကြားရှိ Mirror Balls ကို လေ့လာကြည့်ရှုကြပြီး စင်ကာပူနိုင်ငံ၏ အထိမ်းအမှတ်ဖြစ်သည့် Merlion ရုပ်ထုပန်းခြံသို့လည်းကောင်း၊ East Coast Park ပန်းခြံသို့လည်းကောင်း သွားရောက်လည်ပတ်ကာ နေ့လယ်စာသုံးဆောင်ကြသည်။

ဆက်လက်၍ IKEA ဈေးဝယ်စင်တာသို့ သွားရောက်ခဲ့ကြပြီး ချန်ဂီအပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ Jewel Changi Airport သို့ ရောက်ရှိလေ့လာကြကာ ညပိုင်းတွင် စင်ကာပူနိုင်ငံမှ ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာခဲ့ကြကြောင်း သိရသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)