MNP - ဇူလိုင် ၁၆
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ စာချုပ်စာတမ်းများ မှတ်ပုံတင် ဥပဒေနှင့် လယ်ယာမြေဥပဒေတို့အရ စာချုပ်စာတမ်းများ မှတ်ပုံတင်ခြင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက KS Hotel ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးက စာချုပ်စာတမ်းများ မှတ်ပုံတင်ဥပဒေနှင့် လယ်ယာမြေ ဥပဒေတို့အရ စာချုပ်စာတမ်းများ မှတ်ပုံတင်ခြင်း ဆိုင်ရာတို့နှင့် ပတ်သက်၍ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် အဖွင့် အမှာစကား ပြောကြားရာတွင် စာချုပ်စာတမ်းများ မှတ်ပုံတင်ပေးခြင်း လုပ်ငန်းသည် နိုင်ငံတော်အတွက် အခွန်အခများ ရရှိစေရန်နှင့် ချုပ်ဆိုထားသော စာချုပ်စာတမ်းများကို တရားဝင် မှတ်ပုံတင်ပေးခြင်းအားဖြင့် အများပြညသူတို့အတွင်း လိမ်လည်မှုများကို ကာကွယ် ရန်ဆိုသည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူလူထုနှင့် တိုက်ရိုက် ထိတွေ့ဝန်ဆောင်မှု ပေးနေရသော ဝန်ထမ်းများ အနေဖြင့် ဥပဒေ၊ လုပ်ထုံး လုပ်နည်းများကို နားလည် သိရှိအောင် လေ့လာပြီး လုပ်ငန်းလျင်မြန်စွာ ဆောင်ရွက်နိုင်ရန်နှင့် ဌာနဝန်ထမ်း များအနေဖြင့် ဥပဒေအသစ်ကို လိုက်နာကျင့်သုံး ဆောင်ရွက်ရာတွင် ဥပဒေနှစ်ရပ်၏ ပြောင်းလဲမှုများကို သဘောမပေါက်ဘူးဆိုပါက အခက်အခဲများ ဖြစ်ပေါ်နိုင်သည့်အတွက် တာဝန်ခံ ဆောင်ရွက်လျက်ရှိသော ဝန်ထမ်းများအနေဖြင့် အပြန်အလှန် ဆွေးနွေးနိုင်စေရန် ယခုလို အလုပ်ရုံ ဆွေးနွေးပွဲများကို ကျင်းပရခြင်း ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန (ရုံးချုပ်)မှကြေးတိုင် စီမံကိန်းနှင့် သုတေသနဌာနခွဲမှ ညွှန်ကြားရေးမှူးဦးမြင့်သိန်း စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်အောင် မြေယာဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးသိန်းဦးတို့က စာချုပ ်စာတမ်းများ မှတ်ပုံတင် ဥပဒေနှင့် လယ်ယာမြေ ဥပဒေတို့အရ စာချုပ်စာတမ်းများ မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးကြရာ ဆွေးနွေးချက်များအပေါ် အလုပ်ရုံ ဆွေးနွေးပွဲ တက်ရောက်လာသူ ဝန်ထမ်းများက အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
အလုပ်ရုံဆွေးနွေးပွဲအား စာချုပ်စာတမ်း မှတ်ပုံတင်လုပ်ငန်းကို တာဝန်ယူ ဆောင်ရွက်နေကြသည့် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ အရာထမ်း အမှုထမ်းများအား လယ်ယာမြေ ဥပဒေအရ မှတ်ပုံတင်ခြင်း လုပ်ငန်းများနှင့် ပတ်သက်၍ လယ်ယာမြေ ဥပဒေနည်းဥပဒေ ညွှန်ကြားချက်များကိုလည်း ကြေညက်စွာ လေ့လာသိရှိနိုင်ရန် လုပ်ငန်း ဆောင်ရွက်ကြရာတွင် စေတနာရှေ့ထား၍ ဆောင်ရွက်ပေးကြရန်နှင့် အဂတိတရား ကင်းရှင်းစွာ ပြည်သူ့အကျိုး၊ ဌာနအကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်သွားကြရန် ရည်ရွယ် ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ မွန်ပြည်နယ်၊ ကရင်ပြည် နယ်၊ တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ ခရိုင်၊ မြို့နယ်၊ မြို့ရုံးများမှ ဝန်ထမ်းအင်အား (၁၀၃) ဦး တက်ရောက် ဆွေးနွေးလျက် ရှိကြောင်းနှင့် အလုပ်ရုံဆွေးနွေးပွဲအား ဇူလိုင်လ ၁၆ ရက် မှ ၁၇ ရက် အထိ နှစ်ရက်ကြာ ကျင်းပ ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။
သတင်း - ခင်စန်းမြင့်
မြန်မာနေရှင်နယ်ပို့စ်






No comments:
Post a Comment