MNP - ဇူလိုင် ၁၆
၂၀၂၂ခုနှစ်၊ မကွေးတိုင်းဒေသကြီး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကို ယနေ့နံနက်(၈) နာရီအချိန်က မကွေးဆေးတက္ကသိုလ်ဝန်းအတွင်း ကျင်းပ ပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်ဝင်းဝင်းမြင့်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာနှင့်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းများ၊ တက္ကသိုလ်ရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက် ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီး မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာ စကားပြောကြားရာတွင် မိမိတို့ မကွေးတိုင်းဒေသကြီးအတွင်း ခရိုင်/မြို့နယ်အလိုက် လူထုလှုပ်ရှားမှုအသွင်ဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများ ကျင်းပလျက်ရှိရာ စုစုပေါင်းပျိုးပင်ပေါင်း(၂)သန်းကျော်ခန့် စိုက်ပျိုးခဲ့ပြီး ဖြစ်ပါ ကြောင်း၊ ကမ္ဘာကြီးပူနွေးလာမှုနှင့်ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အကျိုးဆက်များဖြစ်သည့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများအား ကုစားရာတွင် ကုန်ကျစရိတ်အသက်သာဆုံးနှင့် အကောင်းဆုံးနည်းလမ်းသည် သစ်ပင်စိုက်ပျိုးခြင်းနှင့် သဘာဝ သစ်တောများအား ပြုန်းတီးမှုမရှိအောင် ထိန်းသိမ်း ကာကွယ်ခြင်းဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီးသစ်တောဦးစီးဌာအနေဖြင့် ၂၀၂၂ခုနှစ်မိုးရာသီ တွင် တမာပျိုးပင်(၃)သိန်းခွဲ ကျော်ခန့် ပျိုးထောင်ထားပြီး ယခုအချိန်အထိ တမာပင်(၆)သောင်းကျော် ခန့် စိုက်ပျိုးပြီဖြစ်သည့်အပြင် ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ်၊ နတ်ကန်ဦးကြိုးပြင် ကာကွယ် တောအတွင်း စံပြတမာစိုက်ခင်း (၁၀၀)ဧကကို စိုက်ပျိုးသွားမည်ဟုသိရှိရပါကြောင်းနှင့် ဒေသနှင့် ကိုက်ညီသည့် သစ်ပင်များစိုက်ပျိုးခြင်းဖြင့် အပင်များရှင်သန်ကာ ရာသီဥတုကောင်းမွန်စေရေးအတွက် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ သစ်ပင်များ စိုက်ပျိုးနိုင်ရန်အတွက် တမာပျိုးပင်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှုးချုပ် ဝင်းမောင်သိန်း၊ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ နာယကတို့မှ အသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အဖြစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ မကွေးလေတပ်စခန်းဌာနချုပ်မှုး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများမှ ပျိုးပင်များစိုက်ပျိုးခဲ့ကြပြီး တက်ရောက်လာကြသူများမှ ပျိုးပင်များစိုက်ပျိုးနေမှုအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ လှည်လည် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တွင် တမာပျိုးပင်(၄၅၀)ပင်အား စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၂ခုနှစ် မိုးရာသီ လူထုလှုပ်ရှားမှု အသွင်ဖြင့် မိုးရာသီအကြိုသစ်ပင်စိုက်ပွဲ (၁၉)ပွဲဖြင့် စိုက်ပျိုးပင်ပေါင်း (၂)သန်းကျော်အား စိုက်ပျိုးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
သတင်း - ကိုစည်သူ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment