MNP - ဇူလိုင် ၉
မကွေးတက္ကသိုလ် မီတာ (၄၀၀) ပြေးလမ်းပါ ဘောလုံးအားကစားကွင်း၊ ပွဲကြည့်စင်နှင့် ၂၀၂၂ ခုနှစ်၊ ဘာသာရပ်ပေါင်းစုံ အားကစား ပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီက မကွေးတက္ကသိုလ် ဘောလုံးအားကစားကွင်း၌ကျင်းပရာ မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအမျိုးသမီး အားကစားအဖွဲ့ နာယကဒေါ်ဝင်းဝင်းမြင့်နှင့်အဖွဲ့ဝင်များ၊ မကွေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဦး၊ ဒုတိယ ပါမောက္ခချုပ်များနှင့် ပါမောက္ခဌာနမှူးများ၊ ဆရာ/ ဆရာမများ နှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် ဦးစွာမကွေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဦးက ဘောလုံးအားကစားကွင်းနှင့် အားကစား ပွဲကြည့်စင် တည်ဆောက်ခြင်းနှင့်ပတ်သက်၍ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ ပညာရည်မြင့်မားရေး၊ စိတ်ဓာတ်ကောင်းမွန်ရေး၊ ဉာဏ်ရည်မြင့်မားသော အားကစားသမားများပေါ်ထွန်းရေးနှင့် အာဆီယံတက္ကသိုလ်များ ပြိုင်ပွဲများမှသည် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်မည့် နိုင်ငံဂုဏ်ဆောင် အားကစာသမားများ ပေါ်ထွန်လာစေရန်ရည်ရွယ်၍ တက္ကသိုလ်များ အားကစားဖွံ့ဖြိုး တိုးတက်ရေးအတွက် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တက္ကသိုလ် အသီးသီးမှာ အားကစားပြိုင်ပွဲ များအား ကျင်းပလျက်ရှိပါကြောင်း၊ မိမိတို့ မကွေးတက္ကသိုလ်အနေဖြင့်လည်း ကျောင်းသား/ သူများ စာပေတွင်သာမကဘဲ ဘက်စုံထူးချွန်သည့်လူငယ်များဖြစ်လာစေရန် ရည်ရွယ်၍ မကွေးတက္ကသိုလ် မီတာ (၄၀၀) ပြေးလမ်းပါ ဘောလုံးအားကစားကွင်းနှင့် အားကစား ပွဲကြည့်စင်အား စုစုပေါင်းကျပ် (၃၇၉.၁၂) သန်းဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ မကွေးတက္ကသိုလ် မီတာ (၄၀၀) ပြေးလမ်းပါ ဘောလုံးအားကစားကွင်းနှင့် အားကစားပွဲကြည့်စင်တို့အား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အားကစားကွင်းအား လှည့်လည် ကြည့်ရှုခဲ့ကြသည်။
ဆက်လက်ပြီး မကွေးတက္ကသိုလ် ၂၀၂၂ခုနှစ်၊ ဘာသာရပ်ပေါင်းစုံအားကစားပြိုင်ပွဲများ ဖွင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က အားကစားမြှင့်တင်ဆောင်ရွက်ပေးခြင်းသည် နိုင်ငံတော်ကို ကာကွယ် စောင့်ရှောက်နေခြင်းနှင့် လူငယ်များ၏စိတ်ဓာတ်ကို ပြုပြင်ပေးခြင်းဖြစ်သဖြင့် နောင်ဆယ်စုနှစ်အတွင်း အားကစာကဏ္ဍဖွံ့ဖြိုး တိုးတက်ပြီး မြန်မာ့အားကစား တစ်ခေတ်ဆန်းလာစေရေးအတွက် ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်ရန် နိုင်ငံတော် အကြီးအကဲများက လမ်းညွှန်ထားပါ ကြောင်း၊ အားကစားသမားများ လေ့ကျင့်ရန်နှင့် ပြိုင်ပွဲ များပြုလုပ်နိုင်ရန် အဆင့်မီအားကစား ရုံများ လေ့ကျင့်ရေးကွင်းများ၊ လေ့ကျင့်ရေး အထောက်အကူပြုပစ္စည်းများ ပြည့်စုံဖို့ကလည်း အရေးကြီးတဲ့အတွက် ဒါတွေကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မကွေးတက္ကသိုလ်မှာ ၂၀၂၂ ခုနှစ် ဘာသာရပ်ပေါင်းစုံ အားကစားပြိုင်ပွဲတွေ ကျင်းပပေးလျက်ရှိပြီး အားကစားနည်း(၅)မျိုးမှာ ဘာသာရပ်အသင်း(၁၄)သင်းက ကျောင်းသား ကျောင်းသူ (၂၇၁)ဦး ပါဝင်ယှဉ်ပြိုင်လျက်ရှိနေတာကို သိရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ကျောင်းသားကျောင်းသူများအနေဖြင့် အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ခြင်း ဖြစ်တဲ့အတွက် ငြိမ်းချမ်းပျော်ရွှင်စွာ ပညာသင်ရင်း အားကစားကို မြှင့်တင်ပေးကြဖို့ အမှာစကားပြောကြားခဲ့ပြီး တက္ကသိုလ်ပါမောက္ခချုပ်ထံ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ယင်းနောက် ဘာသာရပ်အလိုက် ပြိုင်ပွဲဝင် အားကစားသမားများက အားကစားသစ္စာအဓိဌာန် ရွက်ဆိုခဲ့ပြီး၊ ဘောလုံးပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ဘောလုံးပြိုင်ပွဲ ပထမပွဲစဉ်အဖြစ် ဥပဒေဘာသာ ရပ်အသင်းနှင့် ညွန့်ပေါင်း(၁)အသင်းတို့ ယှဉ်ပြိုင်ကစားရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့က ကြည့်ရှုအားပေးခဲ့ကြောင်းနှင့် အဆိုပါပြိုင်ပွဲတွင် ဥပဒေဘာသာရပ် အသင်းမှ(၄)ဂိုး (၂)ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
သတင်း- မောင်ညီညာ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment