MNP - ဇူလိုင် ၉
၂၀၂၂ခုနှစ် ယမန်နေ့ နေ့လည် ၁ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမတွင် ရန်ကုန်တိုင်းဒေသကြီး စက်မှုဇုန်များဖော်ဆောင်ရေးနှင့် ကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၂)ကို ကျင်းပခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး စက်မှုဇုန်များဖော်ဆောင်ရေးနှင့် ကြီးကြပ်ရေးကော်မတီ၏ ၁၂.၁.၂၀၂၂ ရက်နေ့မှာ ကျင်းပခဲ့သော လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၁/၂ဝ၂၂) အစည်းအဝေး ဆုံးဖြတ်ချက်အပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ဒေါက်တာခင်သော်တာဝင်း၊ ဒုတိယညွှန်ကြားရေးမှူး စက်မှုဖွံ့ဖြိုးတိုးတက်ရေးဌာန၊ ရန်ကုန်တိုင်းဒေသကြီးစက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ဖတ်ကြားခဲ့သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး စက်မှုဇုန်များဖော်ဆောင်ရေးနှင့် ကြီးကြပ်ရေးကော်မတီ နာယက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ အဖွင့်အမှာစကား ပြောကြားရာ ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှုဇုန် ၂၉ ခု ရှိပြီး ရန်ကုန်တိုင်းဒေသကြီးတွင် စက်မှုကဏ္ဍသည် ၄၂ ရာခိုင်နှုန်း ရှိတာကြောင့် ရန်ကုန်၏စီးပွားရေးလုပ်ငန်းတွင် စက်မှုကဏ္ဍမှာလည်း အရေးပါပြီး အဓိကကျပါကြောင်း၊ သို့ဖြစ်ပါ၍ စက်မှုဇုန်တစ်ခုချင်းစီရဲ့ အခြေနေများကို ပြည့်ပြည့်စုံစုံတင်ပြရန် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံရဲ့ ၇၀ ရာခိုင်နှုန်းသော စီးပွားရေးသည် ရန်ကုန်တိုင်းဒေသကြီးမှ ဖြစ်တာကြောင့် လိုအပ်ချက်များကို ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဒါကြောင့် ပွင့်လင်းစွာတင်ပြကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးစက်မှုဇုန်များ ဖော်ဆောင်ရေးနှင့် ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းမှ ဆွေးနွေးတင်ပြရာ ရန်ကုန်တိုင်းအတွင်းစက်မှုဇုန်များရှိ စက်မှုလုပ်ငန်းများ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် လိုအပ်ချက်များကို တင်ပြကြရန်နှင့် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ စက်မှုဇုန်အလိုက် တာဝန်ရှိပုဂ္ဂိုလ်များက အသီးသီး ဆွေးနွေးတင်ပြကြသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး စက်မှုဇုန်များဖော်ဆောင်ရေးနှင့် ကြီးကြပ်ရေးကော်မတီ နာယက ရန်ကုန်တိုင်းဒေသကြီး အစိုးအဖွဲ့ဝန်ကြီးချုပ်မှ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်း - ကျော်ဆန်းမြင့်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment