MNP ၊ ဇူလိုင် ၂၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၆/၂၀၂၂)ကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးမူဝါဒလမ်းကြောင်းကို သွေဖယ်၍ဆောင်ရွက်နေသည့် ပုဂ္ဂလိကကျောင်းများအား ဖော်ထုတ်အရေးယူ ဆောင်ရွက်ရန် နစက အဖွဲ့ဝင်များ တိုက်တွန်းပြောကြားလိုက်ကြောင်း သိရသည်။
အစည်းအဝေးတွင် ကောင်စီအဖွဲ့ဝင်များက မြန်မာ- ရှရှားချစ်ကြည်ရေးအသင်း အဖွဲ့များ ဖွဲ့စည်းရေး၊ နှစ်နိုင်ငံယဉ်ကျေးမှုနှင့် သမိုင်းကြောင်းများကို နှစ်နိုင်ငံပြည်သူများ အကြား အပြန်အလှန် နားလည်သိရှိစေရန် အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်သွားရန်၊ အနာဂတ်နိုင်ငံတော်အတွက် လူငယ်များအားစနစ်တကျ ပြုစုပျိုးထောင်ပေးရေး၊ ပညာရေးမူဝါဒလမ်းကြောင်းကို သွေဖယ်၍ဆောင်ရွက်နေသည့် ပုဂ္ဂလိကကျောင်းများအား ဖော်ထုတ်အရေးယူ ဆောင်ရွက်ရေး၊ မူလတန်းပြ ဆရာ၊ ဆရာမများ ရာထူတိုးမြှင့်ရန်ကိစ္စကိုလျင်မြန်စွာ ဆောင်ရွက်ပေးပြီး လိုအပ်ချက် ရှိသည့်နေရာ ဖြည့်စွက်ခန့်ထားနိုင်ရေး၊ နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းစေပြီး ရာသီဥတုကို အထောက်အကူပြုစေရေးအတွက် ကျွန်းစိုက်ခင်းများကို စီမံချက်ချမှတ် ၍ တိုးချဲ့စိုက်ပျိုးရေး၊ လူငယ်များအကြား မူးယစ်ဆေးဝါးသုံးစွဲမှု ကင်းစင်ပပျောက်ရေး အတွက် ကြိုတင်ကာကွယ်တားဆီးရေး၊ ကျေးလက်ကျန်းမာရေးဌာနများ၏လိုအပ် ချက်များကို သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များက စီမံဆောင်ရွက် ပေးရေး၊ လူငယ်များလမ်းမှားမရောက်စေရေးအတွက် အခြေခံပညာကျောင်းများတွင် စာရိတ္တပညာပိုင်းဆိုင်ရာ သိမှတ်ဖွယ်ရာများ သင်ကြားပေးရေး၊ ယာဉ်လိုင်းများ လက်မှတ်ရောင်းချခြင်းနှင့် စစ်ဆေးရေးဂိတ်များတွင် နိုင်ငံသားစိစစ်ရေးကဒ်ပြားကို စနစ်တကျစိစစ်ဆောင်ရွက်ရေး၊ တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။
တင်ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ချစ်ကြည်ရေးအသင်းများ တိုးချဲ့ဖွဲ့စည်းခြင်းဖြင့် နှစ်နိုင်ငံခရီး သွားလုပ်ငန်းကိုလည်း အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း၊ သိပ္ပံနှင့်နည်းပညာ၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများတွင် ပညာတော်သင်စေလွတ်ရေးကိစ္စများကိုလည်း တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း၊ လူငယ်ဖွံ့ဖြိုးရေးအထောက်အကူပြု စီမံကိန်းများကို မိမိသဘောဆန္ဒအလျောက် ပါဝင်သည့်စနစ်ဖြင့် ထူထောင်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပညာရေးမူဝါဒနှင့် မကိုက်ညီသည့် ပုဂ္ဂလိကကိုယ်ပိုင် ကျောင်းများ ဖွင့်လှစ်သည့် ကိစ္စနှင့်ပတ်သက်၍ စိစစ်အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ကျန်းမာရေးဌာနများတွင် ဝန်ထမ်းများဖြည့်တင်းနိုင်ရေး ဆောင်ရွက် လျက်ရှိပြီး လတ်တလောတွင် အလုပ်သင်ဆရာဝန်များနှင့် သူနာပြုများ ဖြည့်တင်း ပေးထားပြီးဖြစ်ကြောင်း၊ စိုက်ပျိုးရေးတွင် သဘာဝမြေဩဇာ၊ ဓာတ်မြေဩဇာ အသုံးပြုမှုအပေါ်မူတည်၍ သီးနှံအထွက်နှုန်းများ ကွာခြားမှုရှိကြောင်း၊ မြေဩဇာ ၂ မျိုး ကိုအချိုးချပေါင်းစပ်ခြင်းဖြင့် သီးနှံအထွက်တိုးရရှိနိုင်မည်ဖြစ်ပြီး သဘာဝမြေဩဇာကို အဓိထားအသုံးပြုနိုင်ရေး သုတေသနပြု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လက်တွေ့ကျသည့် စိုက်ပျိုးရေးစနစ်နှင့် ခေတ်မီမွေးမြူရေးစနစ်ကို ဦးတည် ဆောင်ရွက်သွားရန်လိုကြောင်း၊ ရန်ကုန် - ပြည်၊ ရန်ကုန် - မော်လမြိုင်၊ ရန်ကုန် - မန္တလေး မီးရထားလမ်းများ အဆင့်မြှင့်တင်၍ ခေါက်ရေတိုးမြှင့်ပြေးဆွဲနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
တိုင်းရင်းသားလက်နက်အဖွဲ့များနှင့်ပတ်သက်၍ ကြိုတင် ကန့်သတ်ချက် မထားဘဲ ဆွေးနွေးလျက်ရှိပြီး အချို့အဖွဲ့များနှင့်လည်းဆွေးနွေးနိုင်ရေး ချိတ်ဆက် ဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းသား၊ လူငယ်များ စာရိတ္တမြင့်မားရေး အတွက် ပြည်သူ့နီတိနှင့် (၃၈)ဖြာမင်္ဂလာကို သင်ကြားပေးလျက်ရှိပြီး ဒီမိုကရေစီ အနှစ်သာရကိုလည်း သိရှိအောင်သင်ကြားပေးသွားရမည် ဖြစ်ကြောင်း၊ သာသနာတော် ထွန်းကား ပြန့်ပွားရေးအတွက် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိကြောင်း၊ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးနှင့်ပတ်သက်၍ အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ကျွန်းစိုက်ခင်းများ တိုးတက် ရေးအတွက် နိုင်ငံတဝန်းကောင်းမွန်သော မျိုးကောင်းမျိုးသန့်များဖြင့် စိုက်ပျိုးသွားရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ သမိုင်းဝင်ပုဂ္ဂိုလ်များ၏ အထိမ်းအမှတ် မော်ကွန်းဥပဒေ ပြဌာန်းနိုင်ရေး ပြန်လည်စိစစ်သုံးသပ် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်းဖြင့် ဆွေးနွေး ပြောကြားခဲ့သည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment