MNP - ဇူလိုင် ၁၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်၊ Royal Myanmar ဂေါက်ကွင်းအစပ် ဗေဗေ့မောင်ဆည်အတွင်းသို့ စီးဝင်သော လက်တံမြောင်း အတွင်းရှိ ရေထဲတွင် အမျိုးသား လူသေအလောင်း(၁)လောင်း တွေ့ရှိကြောင်း ယမန်နေ့ နေ့လယ် ၁၃:၁၀ အချိန်တွင် သတင်းရရှိသဖြင့် မြို့မရဲစခန်းအမှတ်(၁)မှ စခန်းမှူး ဒုရဲမှူးသိန်းဌေး၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ထွန်းထွန်းလင်းတို့သည် သက်သေများဖြစ်သော သပြေကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်း၊ ရာအိမ်မှူး ဦးမြအေးတို့နှင့်အတူ အခင်းဖြစ်နေရာသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
အခင်းဖြစ်နေရာသို့ ရောက်ရှိပြီး စစ်ဆေးမှုများဆ ောင်ရွက်ခဲ့ရာ သေဆုံးသူ အမျိုးသားအား ရေထဲတွင် မှောက်လျက် အနေအထားဖြင့် တွေ့ရှိရပြီး အင်္ကျီ၏ကျောဘက်တွင် S.P.MOE26 စာသားပါ အားကစားအင်္ကျီ အဖြူရောင်နှင့် အားကစားဘောင်းဘီတို အမည်းရောင်တို့အား ဝတ်ဆင်ထားပြီး အသက်(၃၀)နှစ်ခန့်၊ အရပ်(၅)ပေ(၁)လက်မခန့်၊ ခန္ဓာကိုယ်တုတ်ခိုင်၍ အသားဖြူကြောင်း တွေ့ရှိရသော်လည်း ပြင်ပဒဏ်ရာများ မတွေ့ရှိပဲ လွန်ခဲ့သော (၅)ရက်ခန့်က သေဆုံးခြင်း ဖြစ်နိုင်ပြီး ပုတ်ပွနေသဖြင့် သေဆုံးသူ၏ အမည်၊ အသက်၊ မိဘအမည်၊ နေရပ်လိပ်စာတို့အား လိုက်လံစုံစမ်းခဲ့ရာ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ညိုပင်ရွာနေ မောင်စွမ်းပြည့်မိုး၊ အသက် ၂၀ နှစ်၊ သပြေကုန်း ရွှေတောင်ကြီး စားသောက်ဆိုင်တွင် အလုပ်လုပ်ကိုင်နေသူ ဖြစ်ပြီး လပြည့်နေ့ ကတည်းက ပျောက်ဆုံးနေကြောင်း သိရှိရသည်။
အဆိုပါ အလောင်းအား မြတ်ပါရမီ လူမှုကူညီရေးယာဉ်ဖြင့် ကုတင်(၁၀၀၀)ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် သိရှိနိုင်ရေးအတွက် မြို့မရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ်(၃/၂၀၂၂)ဖြင့် ဒုရဲမှူးသိန်းဌေးမှ သတင်းချက်ရေးဖွင့် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment