MNP - ဇူလိုင် ၉
တနင်္သာရီတိုင်းဒေသကြီး မြိတ်ဒေသ၌ ထိုင်းနိုင်ငံနှင့် နယ်စပ်ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘတ်/ကျပ် ဘဏ်စနစ်အသုံးပြုနိုင်ရေး ကိစ္စနှင့်စပ်လျဉ်း၍ ကြိုတင်ညှိနှိုင်း အစည်းအဝေးကို မြိတ်ခရိုင် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန်က ကျင်းပခဲ့သည်။
အစည်းအဝေးကို မြိတ်ဒေသတွင် ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ် ကုန်သွယ်မှုလုပ်ငန်း ဆောင်ရွက်လျက်ရှိသော ကုမ္ပဏီများမှ ဘဏ်စနစ်ဘတ်ငွေဖြင့် တိုက်ရိုက်အသုံးပြု ပေးချေရေး၊ ဘဏ်လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်သည့်အခါ အဆင်ပြေချောမွေ့စွာ ညှိနှိုင်းပေါင်းစပ်နိုင်ရန်၊ ကုန်သည်လုပ်ငန်းရှင်များနှင့် ဘဏ်များ မျက်နှာချင်းဆိုင်များ တွေ့ဆုံ၍ လိုအပ်သည့်အခက်အခဲများ ရှင်းလင်းဆွေးနွေးနိုင်ရန် ကျင်းပခြင်းဖြစ်ပြီး ယခုကျင်းပသည့် ညှိနှိုင်းအစည်းအဝေးသည် တတိယအကြိမ်ဖြစ်ကြောင်း သိရသည်။
မြိတ်မြို့တွင် နိုင်ငံတော်ဗဟိုဘဏ်၏ ဘတ်/ကျပ် တိုက်ရိုက်ငွေပေးချေရေးစနစ် အကောင်အထည်ဖော် ဆောင်ရွက်ရန် ခွင့်ပြုချက်ရရှိထားသော ပုဂ္ဂလိကဘဏ်များသည် လုပ်ငန်းများဆောင်ရွက်ရန် အဆင်သင့်ဖြစ်နေပြီး ကုန်သွယ်လုပ်ငန်းရှင်များမှလည်း စောင့်ဆိုင်းနေကြကြောင်း၊ ဗဟိုဘဏ်၏ ခွင့်ပြုချက်ရရှိသည့်နေ့တွင် ခွင့်ပြုချက်ရရှိထားသော ပုဂ္ဂလိကဘဏ်များမှ လုပ်ငန်းစတင် ဆောင်ရွက်ကြမည်ဖြစ်ကြောင်း၊ မြိတ်မြို့တွင် ဘတ်/ကျပ် တိုက်ရိုက်ငွေပေးချေရေးစနစ် အကောင်အထည်ဖော် ဆောင်ရွက်ရန် ခွင့်ပြုချက်ရရှိထားသော ပုဂ္ဂလိကဘဏ်(၆) ဘဏ်ရှိကြောင်း မြိတ်ကုန်သွယ်ရေးစခန်းမှ သိရသည်။
အစည်းအဝေးတွင် မြိတ်ကုန်သွယ်ရေးစခန်း တာဝန်ခံက အစည်းအဝေး ကျင်းပရသည့် ရည်ရွယ်ချက်နှင့် ဘတ်/ကျပ် တိုက်ရိုက်ငွေပေးချေရေးစနစ် အကောင်အထည်ဖော် ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားသည်။ ထိုနောက် ဘတ်/ကျပ် တိုက်ရိုက်ငွေပေးချေရေးစနစ် လုပ်ငန်းများနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပုဂ္ဂလိကဘဏ်များ၊ မြိတ်ခရိုင်ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ ကုမ္ပဏီလုပ်ငန်းရှင်များ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်း - ခိုင်ထူး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment