မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မင်းဘူး(စကု)မြို့နယ် ကျောက်စံကျေးရွာ၌ နွေစပါးမျိုးစေ့ထုတ်စိုက်ခင်း စံကွက်ရိတ်သိမ်းပွဲနှင့် မျိုးစေ့ထုတ်ကန်ထရိုက် လယ်ယာမြေစနစ် ဧက(၅၀၀) အတွက် မျိုးစပါးနှင့် မြေဩဇာပေးအပ်ပွဲအခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မင်းဘူး(စကု)မြို့နယ် ကျောက်စံကျေးရွာ၌ နွေစပါးမျိုးစေ့ထုတ်စိုက်ခင်း စံကွက်ရိတ်သိမ်းပွဲနှင့် မျိုးစေ့ထုတ်ကန်ထရိုက် လယ်ယာမြေစနစ် ဧက(၅၀၀) အတွက် မျိုးစပါးနှင့် မြေဩဇာပေးအပ်ပွဲအခမ်းအနား တက်ရောက်

 








MNP - ဇူလိုင်   ၁၀


မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက် ၈ နာရီခွဲက မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ ကျောက်စံကျေးရွာ၌ နွေစပါးမျိုးစေ့ထုတ်စိုက်ခင်း စံကွက်ရိတ်သိမ်းပွဲနှင့် မျိုးစေ့ထုတ်ကန်ထရိုက်လယ်ယာမြေစနစ် ဧက(၅၀၀)အတွက် မျိုးစပါးနှင့် ဓာတ်မြေဩဇာများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။


ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်စံကျေးရွာရှိ ကွင်းအမှတ်(၁၂၀၃)၊ ဒေသခံ တောင်သူ ဦးသန်းလွင်၏ နွေစပါးမျိုးစေ့ထုတ်စိုက်ခင်းသို့ရောက်ရှိပြီး နွေးစပါးစံကွက်ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေးကာ နွေစပါးမျိုးစေ့ထုတ်လုပ်ငန်း ဆောင်ရွက်နိုင်ခဲ့မှုအပေါ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့နောက် ၀ ဒသမ ၁၀ ဧကအတွင်း စံကွက်သိမ်းခဲ့ရာ တစ်ဧက ပျမ်းမျှ အထွက်နှုန်း စပါး(အစို) ၉၆ ဒသမ ၇၅ တင်းထွက်ရှိခဲ့ကြောင်း သိရသည်။


ဆက်လက်၍ ရှင်းလင်းဆောင်၌ မျိုးစေ့ထုတ်ကန်ထရိုက်လယ်ယာမြေစနစ် ဧက(၅၀၀)အတွက် မျိုးစပါးနှင့် ဓာတ်မြေဩဇာများ ပေးအပ်ပွဲအခမ်းအနားကိုကျင်းပခဲ့ပြီး မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာ မိမိတို့တိုင်းဒေသကြီးအတွင်းရှိ ပြည်သူ ၈၀ ရာခိုင်နှုန်းခန့်သည် စိုက်ပျိုးရေးလုပ်ကိုင်သော ကျေးလက်နေပြည်သူများဖြစ်တာကြောင့် တောင်သူများ လူနေမှုဘဝမြင့်မား စေရေးနှင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် တိုင်းဒေသကြီးအစိုးရ အဖွဲ့က အထူးအလေးထားပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံစေ ရေးနှင့် စီးပွားဖြစ် စပါးမျိုးစေ့ထုတ်စိုက်ခင်းများ စိုက်ပျိုးရာတွင် မျိုးကောင်းမျိုးသန့် စပါးမျိုးများကို သေချာစိစစ်ရွေးချယ်ပြီး စိုက်ပျိုးနည်းစနစ်မှန်ကန်စွာ စိုက်ပျိုးနိုင်မှသာ စပါးအထွက်နှုန်း တိုးတက် ကောင်းမွန်မှာဖြစ်ပါကြောင်း၊ မျိုးစေ့ထုတ်လုပ်ငန်းကို အထောက်အကူဖြစ်စေရေးနှင့် မျိုးစေ့ဖိုးကုန်ကျ စရိတ် သက်သာစေရေးအတွက် ကိုယ့်မျိုးကိုယ်ထား ခေါင်နှံမျိုးပွားစိုက်ပျိုးနည်းစနစ်များကိုလည်း စမ်းသပ်စိုက်ပျိုးဆောင်ရွက်စေလိုပါကြောင်း၊ မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ စိုက်ပျိုးရေရရှိ ရေးနှင့် တစ်နှစ်ကို သီးနှံသုံးသီး(သုံးရာသီ) စိုက်ပျိုးနိုင်စေရေးအတွက် ဆိုလာလျှပ်စစ်သုံး မြစ်ရေတင် စီမံကိန်းများနှင့် မြေအောက်ရေသုံး ဆိုလာစက်ရေတွင်းများကို တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အကုန်ကျခံဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ပေးများမှုအပေါ် တောင်သူများကလည်း မိမိတို့ဘက်မှ ထမ်းဆောင်ရမည့် ရေခွန်များကို စနစ်တကျ လစဉ်ကျေပွန်စွာ ပေးသွင်းစေလိုပါကြောင်း စသည်ဖြင့် ပြောကြားသည်။


ထို့နောက် ဖူးပွင့်မျိုးစေ့ထုတ်သမဝါယမအသင်းမှ တာဝန်ရှိသူတစ်ဦးက မုန်းသီတာကုမ္မဏီ လီမိတက်နှင့် ဖူးပွင့်မျိုးစေ့ထုတ်သမဝါယမအသင်းတို့က ကျောက်စံကျေးရွာရှိ ဒေသခံတောင်သူများနှင့် အကျိုးတူ ပူးပေါင်းပြီး စပါးမျိုးစေ့ထုတ်လုပ်ငန်းများဆောင်ရွက်နေမှု၊ မျိုးစေ့နှင့် သွင်းအားစုများ ပံ့ပိုးကူညီ ဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသော ဒေသခံတောင်သူ များ၏ စိုက်ပျိုးရေရရှိရေးကဏ္ဍနှင့်စပ်လျဉ်း၍ တင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ် သည်များကို သက်ရာဌာနများဖြင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။


ကျောက်စံကျေးရွာ၌ ဒေသခံတောင်သူများနှင့် မုန်းသီတာကုမ္မဏီလီမိတက်၊ ဖူးပွင့်မျိုးစေ့ထုတ် သမဝါယမအသင်းတို့ အကျိုးတူပူးပေါင်းပြီး  ကန်ထရိုက်လယ်ယာမြေစနစ်ဖြင့် စပါးမျိုးစေ့ထုတ် စိုက်ခင်း ဧက ၅၀၀ ကို တောင်သူပေါင်း ၄၂၁ ဦးဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဖူးပွင့်မျိုးစေ့ထုတ်သမဝါယမအသင်းမှ ပံ့ပိုးကူညီသော မျိုးစေ့ထုတ် လုပ်ငန်းဆောင်ရွက်မည့် ဒေသခံတောင်သူများအတွက် တစ်ဧကလျှင် ဧရာမင်းမျိုးစပါး ၁ ဒသမ ၅ တင်း နှုန်း၊ သဘာဝဓါတ်မြေဩဇာ ၅ အိတ်နှုန်း၊ ယူရီးယာနှင့် ကွန်းပေါင်းဓာတ်မြေဩဇာ တစ်အိတ်နှုန်းဖြင့် အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - မောင်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)