MNP ၊ ဇူလိုင် ၁၈
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့ရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသူ၊ ကျောင်းသားများအား ဒုတိယအကြိမ် ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး(Sinopharm) ထိုးနှံပေးခြင်းကို ချက်ဖောက်ကျေးရွာအုပ်စုနှင့် လက်ပံကျေးရွာအုပ်စု အခြေခံပညာကျောင်းများတွင် ယနေ့နံနက်ပိုင်းမှ စတင်၍ ကွင်းဆင်းထိုးနှံခဲ့ကြောင်း သိရသည်။
မအီမြို့၊ ကျေးလက်ကျန်းမာရေးဦးစီးဌာနအနေဖြင့် ထိုသို့ ကျောင်းအခြေပြု ဒုတိယအကြိမ် ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးရာတွင် ယနေ့ အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသား/ကျောင်းသူ (၃၃၉)ဦးကို ထိုးနှံပြီးစီးခဲ့ကြောင်း ကျန်းမာရေးမှူး ဦးလှဝင်းက ပြောကြားသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မအီမြို့၊ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးလှဝင်း၏ စီစဉ်ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံကြမည့် ကျောင်းသား၊ ကျောင်းသူများအား ဆေးမထိုးနှံမီကိုယ်အပူချိန်တိုင်းခြင်း၊ လက်သန့်စင်စေခြင်း၊ ကာကွယ်ဆေးထိုးနှံပြီးချိန်တွင် ခေတ္တအနားယူစေခြင်း စသည့်လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို ပူးပေါင်း ကူညီဆောင်ရွက်ပေးခဲ့ကြပြီး သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခဲ့ကြသည်။ ဆက်လက်၍လည်း ကျန်ရှိနေသေးသည့် အခြေခံပညာကျောင်းများကို အလားတူ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း အဆိုပါ ကျန်းမာရေးမှူးက သိရသည်။
သတင်း - မောင်မောင်ဌေး
https://t.me/MyanmarNationalPost



No comments:
Post a Comment