MNP - ဇူလိုင် ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းခရိုင် မိုင်းယောင်းမြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းက မိုးသည်းထန်မှုကြောင့် တောင်ကျရေ စီးဆင်းခြင်း၊ ရေကြီးခြင်းတို့ဖြစ်ပွားခဲ့ကာ ရှေခင်တံတား ကျိုးကျပျက်စီးမှုဖြစ်ပေါ်ခဲ့ပြီး ယာယီဖြတ်သန်းသွားလာနိုင်ရေးအတွက် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးခဲ့ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်ပြီး ကိုယ်ထူကိုယ်ဖြင့် တည်ဆောက်ထားသော အရှည် ၁၅၀ ပေ၊ အကျယ် ကိုးပေရှိ မုန်းလိုက်ကျေးရွာအုပ်စု ရှေခင်ကျေးရွာအဝင် သံဘောင်တံတားသည် အရှည်ပေ ၄၀ ပြိုကျပျက်စီးခဲ့ကြောင်း၊ ပျက်စီးဆုံးရှုံးမှုတန်ဖိုး ရှစ်သန်းဖြစ်ကြောင်း၊ လူနှင့်တိရစ္ဆာန် ထိခိုက်ပျက်စီးမှု မရှိကြောင်း၊ တံတားအား ယာယီဖြတ်သန်းသွားလာနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးသက်ဆွေနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဝင်များ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူများက ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထို့ပြင် အဆိုပါတံတား ထပ်မံပြိုကျ မပျက်စီးစေရေးအတွက် အမှိုက်များ၊ သစ်တုံးများကို ရှင်းလင်းဖယ်ရှားပေးခဲ့ကြောင်း သိရသည်။
သတင်း - စိုင်းအောင်ဇော်လင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment