MNP ၊ ဇူလိုင် ၁၁
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ရှိ ကျောက်ဖြူပညာရေးဒီဂရီကောလိပ်တွင် ဆရာ၊ဆရာမများနှင့် သင်တန်းသား၊သင်တန်းသူများပူးပေါင်း၍ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကောလိပ်ရှိ ပညာတန်ဆောင်ခန်းမတွင် ကျင်းပပြုလုပ်သည်။
ဦးစွာအခမ်းအနားတက်ရောက်လာကြသူများက နမောတဿ(၃)ကြိမ်ရွက်ဆို၍ အခမ်းအနား ဖွင့်လှစ်ခဲ့ကြပြီး ကျောက်ဖြူမြို့နယ် ရွှေနံသာကျောင်းတိုက်ဆရာတော်ထံမှ အခမ်းအနား တက်ရောက် လာကြသူများက ငါးပါးသီလခံယူဆောက်တည်ကြသည်။
ထို့နောက် ကြွရောက်တော်မှုလာကြကုန်သော သံဃာတော်အရှင်သူမြတ်တို့က မေတ္တာသုတ် ပရိတ်တရားတော်များ ချီးမြှင့်တော်မူကြပြီး ကျောက်ဖြူပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ဆရာမ ကြီးနှင့် ဆရာ၊ဆရာမများက ပင့်သံဃာ(၅)ပါးတို့အား ဝါဆိုသင်္ကန်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဝတ္တုငွေ များအား ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ ငလပွေ့ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပညာသာရထံမှ အနုမောဒနာတရားနာ ယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
အဆိုပါ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားသို့ ကျောက်ဖြူပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ဆရာမများ၊ ပညာရေးဒီဂရီကောလိပ် လေးနှစ်သင် ပထမနှစ်(ပထမနှစ်ဝက်)၊ ပထမနှစ်(ဒုတိယနှစ်ဝက်)တက်ရောက်နေသည့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း
https://t.me/MyanmarNationalPost



No comments:
Post a Comment