မော်လိုက်ခရိုင်အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်အကောင်းဆုံးရရှိသော ကျောင်းများနှင့် ဘာသာရပ်သင် ဆရာ/ဆရာမများအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လိုက်ခရိုင်အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်အကောင်းဆုံးရရှိသော ကျောင်းများနှင့် ဘာသာရပ်သင် ဆရာ/ဆရာမများအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ပွဲကျင်းပ



MNP - ဇူလိုင်  ၁၇


စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ခရိုင်အတွင်းရှိ အောင်ချက်အကောင်းဆုံးကျောင်းများနှင့် ဘာသာရပ်သင် ဆရာ/ဆရာမများအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားအား မော်လိုက်မြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူလေးများက ပြည်မြန်မာသီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးခဲ့ကြသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်ပညာရေးမှူး ကိုယ်စား လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းလွင်ထွန်းက အမှာစကားပြောကြားခဲ့သည်။


ယင်းနောက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မော်လိုက်ခရိုင်အတွင်း အောင်ချက်အကောင်းဆုံး ပထမအဆင့်ရရှိသည့် မော်လိုက်မြို့နယ် အထက(ကင်းတပ်)၊ ဒုတိယအဆင့်ရရှိသည့် အထက(ခွဲ) (ခါဝဲ)၊ တတိယအဆင့်ရရှိသည့် ဖောင်းပြင်မြို့နယ် အထက(စန္ဒား)၊ အထူးဆုရရှိကြသည့် အထက (ပန်းသာ)နှင့် အထက(မော်လိုက်) ကျောင်းများကိုလည်းကောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးများရရှိအောင် သင်ကြားပေးခဲ့ကြသည့် ဘာသာရပ်သင် ဆရာ၊ ဆရာမများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏထွန်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများက ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများအား ချီးမြှင့်ခဲ့ကြရာ ကျောင်းအုပ်ဆရာကြီး/ဆရာမ ကြီးများနှင့် ဆရာ/ဆရာမများက အသီးသီးလက်ခံရယူခဲ့ကြသည်။


ထို့နောက် အောင်ချက်အကောင်းဆုံးရရှိကြသည့် ကျောင်းများကိုယ်စား၊ အခြေခံပညာအထက်တန်းကျောင်း (ကင်းတပ်) ကျောင်းအုပ် ဆရာကြီးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ကျောင်းသား/သူလေးများကဇာတိမာန်သီချင်းဖြင့် သီဆိုဂုဏ်ပြုကာ အခမ်း အနားအားရုပ်သိမ်းခဲ့ကြောင်း သိရသည်။


မော်လိုက်ခရိုင်အတွင်းရှိ မြို့နယ်(၂)မြို့နယ်မှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်ချက်အနေဖြင့် မော်လိုက်မြို့နယ်တွင် ဖြေဆိုသူ(၄၄၅)ဦးရှိပြီး အောင်မြင်သူ (၂၁၆) ဦးရှိကြောင်း၊ ဂုဏ်ထူးရရှိမှုအနေဖြင့် တစ်ဘာသာဂုဏ်ထူးရှင် (၄၆) ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် (၃၀) ဦး၊ သုံးဘာသာ ဂုဏ်ထူးရှင် (၂၄ )ဦး၊ လေးဘာသာဂုဏ်ထူးရှင် (၂) ဦး စုစုပေါင်း ဂုဏ်ထူးရကျောင်းသား/သူ (၁၀၂)ဦး၊ အောင်ချက်ရာခိုင်နှုန်း အနေဖြင့် (၄၈ ဒသမ ၅၄)ရာခိုင်နှုန်းရှိကြောင်း၊ ဖောင်းပြင်မြို့နယ်တွင် ဖြေဆိုသူ(၁၁၉၃)ဦးရှိပြီး အောင်မြင်သူ (၃၉၇)ဦးရှိကြောင်း၊ ဂုဏ်ထူးရရှိမှုအနေဖြင့် တစ်ဘာသာဂုဏ်ထူးရှင် (၁၁၁)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၅၄)ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၄၇)ဦး၊ လေးဘာသာဂုဏ်ထူးရှင် (၇) ဦး စုစုပေါင်း ဂုဏ်ထူးရ ကျောင်းသား/သူ (၂၁၉)ဦး၊ အောင်ချက်ရာခိုင်နှုန်းအနေဖြင့် (၃၃ ဒသမ ၂၈)ရာခိုင်နှုန်း ရှိကြောင်း ခရိုင်ပညာရေးမှူးရုံးမှ စာရင်းများအရ သိရသည်။


သတင်း - မော်လိုက်သားလေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)