MNP - ဇူလိုင် ၂၉
တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေး အမှတ်စဉ် (၆/၂၀၂၂) ကို ယမန်နေ့ နံနက်ပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပခဲ့ရာ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက တိုင်းဒေသကြီးအတွင်းရင်းနှီးမြှုပ်နှံမှု များပြားလာပါက ဒေသဖွံ့ဖြိုးတိုးတက်မှုများ မြန်ဆန်လာနိုင်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်သည့်အခါတွင် ဘက်စုံ၊ ထောင့်စုံပြည့်စုံမှ လုပ်ငန်းအောင်မြင်နိုင်မည်ဖြစ်ပြီး လုပ်ငန်းများကို စနစ်တကျ လုပ်ကိုင်ဆောင်ရွက်မည်ဆိုပါက ပြဿနာတစ်စုံတစ်ရာမရှိနိုင်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင် လုပ်ထုံးလုပ်နည်းများနှင့်အညီဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် (ဃ)ရပ်ကွက်ရှိ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ ကွင်းအမှတ်-၁၅၃ နှင့် ၁၅၄/၁၊ ကွင်းအမှတ်-၂၁၄ တွင် ရေထွက်ပစ္စည်းများအား ပြုပြင်ခြင်း၊ အေးခဲခြင်းနှင့် ထုပ်ပိုးရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသော Good Luck Forever Manufacturing Co., Ltd က တည်ဆောက်ရေးကာလ တိုးမြှင့်ခွင့်ပြုပါရန် တင်ပြလာခြင်းနှင့်စပ်လျဉ်း၍လည်းကောင်း၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ ကျောက်ဖျာကျေးရွာအုပ်စုရှိ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ မြေကွက်အမှတ်-(၅၊၆)၊ ကွင်းအမည် (၁၇၃-က၊ ကဘင်းကွင်း)တွင် အသားငါးစည်သွပ်ဘူး ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသော Makro Manufacturing Co., Ltd က မူလရင်းနှီးမြှုပ်နှံမှုပြုလုပ်သည့် မြေနေရာတိုးမြှင့် လျှောက်ထားခဲ့ခြင်းအပေါ် လက်ရှိလုပ်ငန်းဆောင်ရွက်ထားရှိမှုများနှင့် စပ်လျဉ်း၍ လည်းကောင်းရှင်းလင်း တင်ပြခဲ့ကြသည်။
ဆက်လက်၍ကော်မတီဝင်များက ဖြည့်စွက်ဆွေးနွေးတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ဆွေးနွေးတင်ပြချက်များအား ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment