MNP - ဇူလိုင် ၁၆
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၂၂)ကို ယမန်နေ့ညနေပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက ရခိုင်ပြည်နယ်၌ တိုးချဲ့ခရိုင်နှစ်ခရိုင်တွင် မိမိတို့ဌာန၏ ခရိုင်အဆင့်ရုံးများအားဖွင့်လှစ်၍ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် လုပ်ငန်းများ အောင်မြင်ပြီးမြောက်ရန်အတွက် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ယခုထက် ပိုပြီးလုပ်ငန်းများကို အားထည့်အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၏ လက်ရှိလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုအခြေအနေ၊ လုပ်ငန်းတိုးတက်မှုများအား အချိန်နှင့်တပြေးညီ သိရှိနိုင်ရန်၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲ များအား ပေါင်းစပ်ဖြေရှင်းပေးနိုင်ရန်နှင့် အဆုံးအဖြတ် ခံယူရမည့် ကိစ္စရပ်များ နှောင့်နှေးကြန့်ကြာမှုမရှိစေဘဲ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဆုံးဖြတ်ပေးနိုင်ရန်နှင့် ပြည်နယ်၏ စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ရေး ရည်ရွယ်လျက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၂)ကိုလည်း ကျင်းပခဲ့ပြီး ဌာနများမှ ဆောင်ရွက်ရန် ဆုံးဖြတ်ချက်များကိုလည်း ချမှတ်ထားပြီး ဖြစ်ပါကြောင်း၊ ထိုဆုံးဖြတ်ချက်များအပေါ်တွင်လည်း ဌာနများကကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ အကောင်အထည်ဖော်ရန် လိုကြောင်းနှင့် အစိုးရအဖွဲ့ရုံးသို့လည်း ပြန်လည်တင်ပြရန် လိုအပ်ကြောင်းနှင့် မိမိတို့၏ ဆောင်ရွက်မှုများသည် ပြည်နယ်တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတွင် မှတ်တိုင်တစ်ခုအဖြစ် စိုက်ထူနိုင်အောင် ကြိုးပမ်းအားထုတ် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်ဥပဒေချုပ်တို့က ဒေသတည်ငြိမ်အေးချမ်းရေး၊ ဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ရေးစသည့် ကဏ္ဍများနှင့် ပတ်သက်၍ လိုအပ်သည်များကို ဆွေးနွေး မှာကြားကြပြီး အစိုးရအဖွဲ့အတွင်းရေးမှူးက လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ပတ်သက်၍ ညွှန်ကြားချက်များအား ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်နယ်အဆင့် ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်းသိရသည်။
သတင်း- တင်ထွန်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment