မြန်မာနေရှင်နယ်ပို့စ်မှ စိစစ်ဖော်ပြပေးနိုင်ပါရန် -
ဖြစ်စဉ်အကျဉ်း
ကျွန်တော် ဦးဌေးလွင် အမှတ် ၁၃၈/၂၅၈၊ နယ်မြေ(၇)၊ ရပ်ကွက်(၆)၊ အေးသာယာမြို့တွင် နေထိုင်ပါသည်။
ကျွန်တော်ပိုင် ယာမြေ(၃.၅၀) ဧကအား အေးသာယာမြို့သစ်ဆောက်ရန် (၁၉၉၆)ခုနှစ်က သိမ်းယူခဲ့ပြီး ကျွန်တော်၏ ယာမြေပေါ်တွင် တာဝန်ရှိသူများက မြေကွက်ဖော်ထုတ်ရာ ပေ(၄၀)လမ်းနှင့် (၁၀၅×၇၅) ပေပတ်လည် မြေကွက် (၈)ကွက် နှင့် (၂၁၀ ပေ ×၁၅၀ ပေ) မြေကွက်အား အမှတ်(၂) အခြေခံပညာမူလတန်းကျောင်းမြေအဖြစ် သတ်မှတ်ပြီး ကျန်(ဝ.၃၇၂) ဧကအား မြေကွက်အမှတ် (၃၉၊ ၄၂၊ ၄၃) အဖြစ် သတ်မှတ်ပြီး အဆိုပါမြေကွက်(၃)ကွက်အား ချောင်းစားမြေ မြေကွက်ပျက်အဖြစ် သတ်မှတ်ထားသောမြေကို အခြားသူများက အသုံးပြုနေပါသည်။ ကျွန်တော်တို့မှာ ယာမြေသိမ်းဆည်းခံရပြီး မြေအစားရရှိသော်လည်း (၇၅×၃၅) ပေ ပတ်လည် (၁)ကွက်သာ ရရှိသောကြောင့် မူလမြေပိုင်ရှင်လည်း ဖြစ် မိသားစုဝင်များပြားသဖြင့် ဥပဒေနှင့်အညီ နိုင်ငံတော်အစိုးရမှ အဆိုပါမြေကွက်များ အငှားချပေးနိုင်ရန် တောင်းဆိုနေခြင်း ဖြစ်ပါသည်။
မြေသိမ်းဆည်းခံရပြီးကတည်းက အခြားသူများမှာ အထက်ဖော်ပြပါ မြေဧက အကွက်အတိုင်း ရရှိခဲ့ပြီး ကျွန်တော်တို့ မြေသိမ်းခံရသူမှာ (၇၅×၃၅)ပေ တစ်ကွက်သာ ရရှိခြင်းကို (၁၉၉၇-၁၉၉၈) နိုင်ငံတော်တာဝန်ရှိသူများ လာရောက်စစ်ဆေးစဉ် အကွက်ဖော်ထုတ်မှုများ မျှတညီညွတ်မှုမရှိသဖြင့် မြေကွက်များကို အခြားမြေကွက်ပေအတိုင်း ပြန်လည်ပြင်ဆင်လုပ်ဆောင်ရန် လမ်းညွှန်ခဲ့သော်လည်း လုပ်ဆောင်ခဲ့ခြင်းမရှိပါ။
ယခု ကျွန်တော် မြေသိမ်းဆည်းခံရသော မိသားစုအနေဖြင့် တင်ပြတောင်းခံသော မြေနေရာမှာ မည်သူမျှ ထိခိုက်နစ်နာမှု မရှိပါ။ အခြားသူများက အဆိုပါချောင်းစားမြေ၊ ကွက်ပျက်မြေများမှာ နေထိုင်လျက်ရှိပြီး ကျွန်တော့်တို့ မိသားစု မြေသိမ်းဆည်းခံရသူ အနေဖြင့် ဥပဒေနှင့်အညီ နေထိုင်လို၍ အဆိုပါခြံမြေများကို စောင့်ရှောက်ရှင်းလင်းလျက် တင်ပြတောင်းခံခြင်း ဖြစ်ပါသည်။ ဥပဒေမဲ့ နေထိုင်သူများက အာဏာပိုင်များနှင့် ပူးပေါင်း၍ တရားဝင် ဖောက်လုပ်ထားသော လမ်းကိုပါ ပိတ်စို့၍ ကျောင်းမြေဟု အကြောင်းပြကာ ရယူသုံးစွဲနေကြပါသည်။
နိုင်ငံတော်မှ သတ်မှတ်အကွက်ချ ဖောက်လုပ်ထားသော လမ်းများကို ပိတ်စို့၍ ချောင်းစားမြေနှင့် ရော၍ အကွက်ပျက်မြေများကိုပါ အာဏာပိုင်များနှင့် ပူးပေါင်းရယူသုံးစွဲနေသူ၊ ဥပဒေမဲ့ ရယူနေထိုင်သူများကို အကာအကွယ်ပေးပြီး အာဏာအလွဲသုံးစား လုပ်ဆောင်နေပါသည်။ ကျွန်တော် မူလပိုင်ရှင် မြေသိမ်းဆည်းခံရသူ အနေဖြင့် လွတ်လပ်နေသော၊ မည်သူမျှ သုံးစွဲခြင်းမရှိသော မြေနေရာအနည်းငယ်ကို ပြန်လည်လျှောက်ထားရာတွင် တင်ပြတောင်းခံသည့် မြေနေရာအား မည်သူ့ကိုမျှ ပိုင်ဆိုင်ခွင့်မပေးဘဲ အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေအဖြစ်သာ ထားရှိသွားမည်ဖြစ်ကြောင်း အကြောင်းကြားစာ ပေးပို့ခဲ့ပါသည်။
ထပ်မံ၍ မြို့နယ်အုပ်ချုပ်ရေးမှူးက ခေါ်ယူပြောဆိုလာသည့်အတွက် မှားယွင်းစီမံခန့်ခွဲဆုံးဖြတ်နေသည်ကို ပြန်လည်တင်ပြ ပြောဆိုခွင့်မရခဲ့ပါ။
အောက်ခြေမှာ ဖြစ်ချင်တိုင်းဖြစ်ပြီး ဥပဒေမဲ့ လုပ်ရပ်များကို အားပေးအားမြှောက်ပြုကာ ဝေမျှစားသောက်နေသော ဝန်ထမ်းအများအပြား ဌာနဆိုင်ရာများတွင် ရှိနေကြပြီး နစ်နာသူ (ဥပဒေနှင့်အညီ တင်ပြသူက) အကြိုးသင့် အကြောင်းသင့် ပြန်လည်တင်ပြခြင်းကို "ကျုပ်တို့မှာ အချိန်မရဘူး။ ခင်ဗျားစကား နားမထောင်နိုင်ဘူး" ဆိုသော ပြောဆိုမှုများဖြင့် ပြည်သူကိုဝန်ဆောင်မှုပေးမည်ဆိုသော အုပ်ချုပ်ရေးအဖွဲ့အစည်းများ၏ ခွဲခြားဆက်ခံခြင်း၊ ငွေရှင်ကြေးရှင်များကို ပုံစံတစ်မျိုး၊ ငွေမရှိသူကို ပုံစံတစ်မျိုး ဆက်ဆံနေခြင်းကြောင့် နိုင်ငံတော်အတွက်လည်း နစ်နာဆုံးမှုများ ရှိသကဲ့သို့ ပြည်သူများတွင်လည်း ဆုံးရှုံးနစ်နာမှုများ ရှိနေပါသည်။
မြေယာကိစ္စများတွင် အာဏာပိုင်များ ပါဝင်ပတ်သက်နေပြီး မိမိတို့ မူလပိုင်ရှင် မရှိဆင်းရဲသားများအပေါ် ဥပဒေလုပ်ထုံး လုပ်နည်းနဲ့ အကြောင်းပြ ဟိုလွှဲ ဒီလွှဲ အချိန်စွဲ လုပ်ရပ်များကို အာဏာပိုင်အဆင့်ဆင့်က လုပ်ဆောင်လျက်ရှိပြီး ငွေရှင် ကြေးရှင် မြေရလိုသူ အလိုကျ ဥပဒေကို လက်တစ်လုံးခြား အသုံးချ၍သော်လည်းကောင်း၊ ဥပဒေကိုပြောင်ပြောင်တင်းတင်း ချိုဖောက်၍သော်လည်းကောင်း အာဏာပိုင်များက ကိုယ်ကျိုးရှာအမြတ်ထုတ်နေကြသည်ကို ကျွန်တော် ရင်ဆိုင်တွေ့ကြုံနေရသည့် အခြေအနေက သက်သေခံနေပါသည်။
ကျွန်တော်တို့ ကြုံတွေ့နေရသည့် အခြေအနေအပေါ် နိုင်ငံတော်အကြီးအကဲများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများထံ တင်ပြထားပြီးဖြစ်ရာ ကျွန်တော်တို့ ကြုံတွေ့နေရသည့် အခြေအနေအပေါ် နိုင်ငံတော်အကြီးအကဲများအနေဖြင့် ပြည်သူများအပေါ် ကျောသားရင်သား မခွဲခြားဘဲ နစ်နာသူ ကုစားရေး လိုအပ်သလို အမြန်ဆုံး လမ်းညွှန်ဆောင်ရွက်ပေးနိုင်ပါရန် လေးစားစွာ တင်ပြအပ်ပါသည်။
ဦးဌေးလွင်
အေးသာယာမြို့
https://t.me/MyanmarNationalPost


No comments:
Post a Comment