ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ မဲဇလီရေလွှဲဆည်ရေဖြင့် မိုးစပါးသီးနှံ ၆၃၈၅ ဧက စိုက်ပျိုးပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ မဲဇလီရေလွှဲဆည်ရေဖြင့် မိုးစပါးသီးနှံ ၆၃၈၅ ဧက စိုက်ပျိုးပြီးစီး



MNP - ဇူလိုင်   ၁၂


မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေဖြင့် မိုးသီးနှံလျာထား ဧက ပြည့်မီစေရေးအတွက် ဇွန်လနောက်ဆုံးပတ်ကစပြီး စတင်စိုက်ပျိုးလျက်ရှိရာ ယနေ့နံနက် မိုးစပါးသီးနှံ ၆၃၈၅ ဧကအထိ စိုက်ပျိုးဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံးမှ သိရသည်။


ပွင့်ဖြူမြို့နယ်၌ ယခု ၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီတွင် ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံစေရေးအတွက် မိုးစပါးသီးနှံဧက ၆၉၀၉၄ ဧက လျာထား စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပြီး ဒေသခံတောင်သူများ မိုးစပါးနှင့် အခြားမိုးသီးနှံ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်ဆည်မြောင်း နှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ဇွန်လ(၁၅)ရက်နေ့က စတင်၍ မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်း မြောင်းမကြီး ဆည်ရေသောက်ဧရိယာအတွင်းရှိ လယ်ယာ မြေစိုက်ခင်းများအရောက် စနစ်တကျ ဖြန့်ဝေပေးထားကြောင်း သိရသည်။  


ထိုသို့ ဒေသခံတောင်သူများ မိုးစပါးနှင့် အခြားမိုးသီးနှံ စိုက်ပျိုးရာ၌ တောင်သူတစ်ဦးချင်းအလိုက် သီးနှံအထွက်နှုန်း ကောင်းမွန်စေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နယ်မြေအလိုက် ကွင်းတာဝန်ခံ ဝန်ထမ်းများက အနီးကပ်ကြီးကြပ်ကာ လိုအပ်သော စိုက်ပျိုးရေးဆိုင်ရာနည်းစနစ်များနှင့် သွင်းအား ပစ္စည်း အချိုးကျသုံးစွဲနည်း စနစ်များကို ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပြီး ယနေ့အထိ မိုးစပါးသီးနှံစိုက်ပျိုးပြီးစီးမှုအနေဖြင့် မဲဇလီရေလွှဲဆည်ရေဖြင့် ၆၀၃၅ ဧက၊ မင်းဘူး(စကု)မြို့နယ် အိုင်းမဆည် ရေဖြင့် ၃၀၀ ဧက၊ ရေစုပ်စက်စနစ်ဖြင့် ၅၀ ဧက၊ စုစုပေါင်း မိုးစပါးသီးနှံဧက ၆၃၈၅ ဧက စိုက်ပျိုးပြီးစီးပြီ ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ခံမြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေ ထံက သိရသည်။


"ကျွန်တော်တို့ဒေသမှာ မိုးစပါးသီးနှံစိုက်ပျိုးခြင်းကို ဒေသခံတောင်သူများက နှစ်စဉ် အားထားစိုက်ပျိုး လုပ်ကိုင် ကြပါတယ်။ အများဆုံးစိုက်ပျိုးတဲ့ စပါးမျိုးတွေကတော့ ဧရာမင်း၊ ရတနာတိုး၊ မနောသုခ၊ ပေါ်ဆန်းရင်၊ ဆင်းသိင်္ဂီစတဲ့ စပါးမျိုးတွေကို အများဆုံး စိုက်ပျိုးကြပြီး စိုက်ပျိုးရေအဆင်ပြေတဲ့အပြင် ရာသီဥတုလည်း မျှတကောင်းမွန်တာကြောင့် စပါးသီးနှံစိုက်ပျိုးရေးလုပ်ငန်းက အောင်မြင်ဖြစ်ထွန်းမှုရှိပါ တယ်။ ယခုဆိုရင်လည်း ဒေသခံတောင်သူတွေက မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက သတ်မှတ်လျာထားတဲ့ စပါးစိုက်ဧက ပြည့်မီစေရေးအတွက် မဲဇလီရေလွှဲဆည်ရေ၊ မင်းဘူး(စကု) မြို့နယ်က အိုင်းမရေလွှဲဆည်ရေ ၊ လျှပ်စစ်ရေတင်စနစ်၊ ရေစုပ်စက်စနစ်၊ မိုးကောင်းသောက်စနစ်နဲ့ အခြား ဆည်/ကန်ငယ်များမှ တစ်ဆင့် စိုက်ပျိုးရေကို အကျိုးရှိရှိ အသုံးချပြီး အားသွန်ခွန်စိုက် မိုးစပါးသီးနှံကို ကြိုးပမ်းစိုက်ပျိုးလျက်ရှိပါတယ်။ ကျွန်တော်တို့ ဒေသခံတောင်သူတွေကိုလည်း မိုးစပါးသီးနှံစိုက်ပျိုးရာတွင် သီးနှံအထွက်နှုန်း ကောင်းမွန် စေရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက တာဝန်ခံကွင်းဝန်ထမ်းတွေက ကွင်းဆင်းကြီးကြပ်ပြီးတော့ စိုက်နည်းစနစ်နဲ့ သွင်းအားစု ပစ္စည်းသုံးစွဲနည်းစနစ်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးပါတယ်" ဟု ပွင့်ဖြူ မြို့နယ် ရွာခိုင်ကျေးရွာမှ ဒေသခံတောင်သူ  ဦးဇော်မင်းသန့်က ပြောသည်။ 


သတင်း - လှိုင်ဝင်းလေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)