MNP - ဇူလိုင် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ကြီးမှူးကျင်းပသည့် ပြည်သူ့ဆက်ဆံရေးဘာသာရပ် သင်တန်းအမှတ်စဉ် (၂/၂၀၂၂) သင်တန်းကို ယမန်နေ့ ညနေ (၄)နာရီအချိန်က ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဦးမျိုးလွင်ဦးမှ ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဌာနနှင့် ပြည်သူများအကြား နားလည်မှုတစ်ရပ် ဖြစ်ထွန်းစေရန်နှင့် ပြည်သူ လူထုအား ထိရောက်သော ဝန်ဆောင်မှုများ ပေးနိုင်ရန် ရည်ရွယ်၍ သင်တန်းအား ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
၎င်းနောက် မအူပင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်သူဇာလှိုင်က ပြည်သူ့ဆက်ဆံရေးနှင့် ပတ်သက်သည့် ဘာသာရပ်များအား သင်ကြားပို့ချပေးပြီး ခရိုင်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးလွင်ဦးက ပြည်သူ့ဆက်ဆံရေး အခြေခံ ဝန်ဆောင်မှုပေးခြင်းကဏ္ဍ၊ ကောင်းမွန်သော ဝန်ဆောင်မှုပေးခြင်းနှင့် သုံးသပ်ဆောင်ရွက်ရမည့် အခြေအနေ အရပ်ရပ်၊ ဝန်ထမ်းနှင့် ပြည်သူလူထုဆက်ဆံရေး၊ လူအများနှင့် ညှိနှိုင်းဆက်ဆံခြင်းဖြင့် ဝန်ဆောင်မှုပေးခြင်း ဘာသာရပ်များနှင့် ရုံးဝန်ဆောင်မှုလုပ်ငန်းဘာသာ ရပ်များအား သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းအား ဇွန်လတွင် သင်တန်းအမှတ်စဉ် (၁/၂၀၂၂) ဖွင့်လှစ်ခဲ့ပြီး ယခုလတွင် သင်တန်းအမှတ်စဉ် (၂/၂၀၂၂)အား ထပ်မံဖွင့်လှစ်ခဲ့ရာ မအူပင်ခရိုင်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရှိ ဌာနတွင်းဝန်ထမ်း များ တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဇူလိုင်လ(၂၅)ရက်နေ့မှ (၂၉)ရက်နေ့ထိဖြစ်ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment