ကော့သောင်းတောင် ဖွံ့ဖြိုးရေးစီမံကိန်းဆိုင်ရာ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းလုပ်ငန်း ( Environmental Impact Assessment- EIA) ဆိုင်ရာကိစ္စရပ်များ ရှင်းလင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကော့သောင်းတောင် ဖွံ့ဖြိုးရေးစီမံကိန်းဆိုင်ရာ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းလုပ်ငန်း ( Environmental Impact Assessment- EIA) ဆိုင်ရာကိစ္စရပ်များ ရှင်းလင်း







MNP - ဇူလိုင်   ၁၅


တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၏ ၁၁၉၉ တောင်ကုန်းပေါ်တွင် Kawthaung Hill Development Limited မှ အကောင်အထည်ဖော်ဆောင်ရွက်မည် ကော့သောင်းတောင်ဖွံ့ဖြိုးရေး စီမံကိန်းနှင့်ပတ်သက်၍ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းလုပ်ငန်း (Environmental  Impact  Assessment- EIA) ဆိုင်ရာ ကိစ္စရပ်များရှင်းလင်းခြင်း အခမ်းအနားတစ်ရပ် ယမန်နေ့မွန်းလွဲပိုင်းက ကော့သောင်း မြို့၊ ဗစ်တိုးရီးယားကလစ် (Vitoria Cliff)ဟိုတယ်ခန်းမတွင် ပြုလုပ်ရာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစောမာတင်လူသာနှင့် တိုင်းအဆင့်ဌာနဆိုင်ရာများ၊ ကော့သောင်းခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ အရပ်ဘက်လှုမှုအဖွဲ့ အစည်းများ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။


ရှင်းလင်းပွဲတွင် Kawthaung Hill Development Limited  မှ ဒါရိုက်တာ ဦးသိုက်ထွန်းအောင်က အဖွင့်အမှာစကားပြောကြားပြီး မန်နေဂျာ ဒေါ်သွဲ့မျိုးထွဋ်က စီမံကိန်းဆိုင်ရာ ကိစ္စရပ်များရှင်းလင်းပြောကြားသည်။


ယင်းနောက် E Guard Environmental  Services Co,Ltd မှ ဒါရိုက်တာ ဦးတင်အောင်မိုးက စီမံကိန်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ခြင်း(EIA) လုပ်ငန်းစဉ်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ တက်ရောက်လာသည့် အရပ်ဘက်လူမှု အဖွဲ့အစည်းများ ၊ ဒေသခံပြည်သူများ၏ သဘာဝပတ်ဝန်းကျင်ထိခိုက်နိုင်မှု အခြေအနေမေးမြန်းချက်များအား တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းပြောကြားသည်။


အဆိုပါ ကော့သောင်းတောင်ဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်းအားကော့သောင်းမြို့၏ အမြင့်ဆုံးတောင်ကုန်းတစ်ခုဖြစ်သည့် ၁၁၉၉ တောင်ကုန်း၏ မြေအကျယ်အဝန်း ၁၉၇ ဧကပေါ်တွင် ကြယ်သုံးပွင့်အဆင့်နှင့်ကြယ်လေးပွင့်အဆင့် အခန်း(၇၀)ပါတောင်ခြေဟိုတယ်နှင့်ဗီလာအလုံး(၃၀)၊ သဘာဝပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေမှုရှိသည့် Resortများ၊ Holiday Homes အပန်းဖြေလုံးချင်းအိမ်ယာ အလုံး(၃၀)၊  တနင်္သာရီတိုင်း၏ သမိုင်းကြောင်း၊ ဆလုံလူမျိုးများ၏ ယဉ်ကျေးမှုသမိုင်းကြောင်းတို့အား ခင်းကျင်းပြသမည့် ကမ္ဘာ့အဆင့်မီ မြိတ်ကျွန်းစု၏ အဏ္ဏဝါ ပြတိုက်၊ ဆလုံရွာပုံစံငယ်နှင့် ဈေးဆိုင်ခန်းများ၊ တောင်ပေါ်သို့ တက်ရောက်မည့် Cable ရထား၊ သံလမ်း၊ ဘူတာရုံနှင့် မော်တော်ယာဉ်လမ်းများဖြင့် မြန်မာငွေကျပ် ၁၀၅ ဘီလီယံခန့် ရင်းနှီးမြုပ်နှံကာ Kawthaung Hill Development Limited မှ စီမံကိန်းကာလ (၅)နှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး ကော့သောင်းဒေသခံများနှင့် တိုင်းရင်းသားများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာခြင်း၊ ဒေသပိုမိုဖွံ့ဖြိုးတိုးတက်လာခြင်း၊ ပြည်တွင်းနှင့် နိုင်ငံခြားခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်နိုင်ခြင်း၊ ကော့သောင်းဒေသ၏ ဆလုံတိုင်းရင်းသားလူမျိုးတို့၏ ဓလေ့ထုံးတမ်းများကို ပိုမိုထိန်းသိမ်းနိုင်ကာ ကမ္ဘာမှ ပိုမိုသိရှိ လာနိုင်ခြင်း၊ စီမံကိန်းနှင့် ဆက်စပ်ကာ အခြားစီးပွားရေးလုပ်ငန်းများ လာရောက်ရင်းနှီးမြုပ်နှံရန် လွယ်ကူစေခြင်း၊ ပြည်တွင်းရင်းနှီးမြုပ်နှံမှုများသာမက ပြည်ပ ရင်းနှီးမြုပ်နှံမှုများကိုပါ ကော့သောင်းဒေသအတွင်းသို့ လာရောက်ရန်ဆွဲဆောင်နိုင်ခြင်းစသည့် အကျိုးကျေဇူးများ ဖြစ်ပေါ်လာနိုင်ကြောင်း သိရသည်။


သတင်း - ကျော်စိုး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)