မြန်မာနိုင်ငံအရေး ဖြေရှင်းရန်အတွက် တရုတ်နိုင်ငံ၏ မျှော်လင့်ချက်သုံးရပ် အကြောင်း Mr. Wang Yi ဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံအရေး ဖြေရှင်းရန်အတွက် တရုတ်နိုင်ငံ၏ မျှော်လင့်ချက်သုံးရပ် အကြောင်း Mr. Wang Yi ဆွေးနွေး


MNP ၊ ဇူလိုင် ၄

မြန်မာနိုင်ငံအရေး ဖြေရှင်းရန်အတွက် တရုတ်နိုင်ငံ၏ မျှော်လင့်ချက်သုံးရပ် အကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi ဆွေးနွေးခဲ့ကြောင်း တရုတ်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

ဇူလိုင်လ ၃ ရက်နေ့တွင် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi သည် မြန်မာနိုင်ငံ ပုဂံမြို့၌ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး Mr. Prak Sokhonn နှင့်အတူ မြန်မာနိုင်ငံအခြေအနေနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြရာ Mr. Prak Sokhonn က အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အနေဖြင့် ၎င်း၏ မြန်မာနိုင်ငံခရီးစဉ်အခြေအနေများကို မိတ်ဆက်ပြောကြားသည်။ 

အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ချိန်မှစ၍ ကမ္ဘောဒီးယားနိုင်ငံ၏ တက်ကြွသော ကြားဝင်ညှိနှိုင်းမှုများကို Mr. Wang Yi က ချီးကျူးခဲ့ပြီး ယင်းအရေးကိစ္စနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံ၏ မျှော်လင့်ချက်သုံးရပ်ကို အလေးပေးပြောကြားခဲ့ရာ ပထမအချက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေမူဘောင်များအောက်၌ မြန်မာနိုင်ငံက နိုင်ငံရေးပြန်လည်သင့်မြတ်ရေး စဉ်ဆက်မပြတ် တွန်းအားပေးဖော်ဆောင်ရန်အတွက် တရုတ်နှင့် အာဆီယံ ပူးတွဲလုပ်ဆောင်ရန် မျှော်လင့်ကြောင်း၊  မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအသီးသီးက နိုင်ငံ၏အခင်းအကျင်းနှင့် ပြည်သူလူထု အကျိုးစီးပွားကို အလေးထားပြီး ဆင်ခြင်တုံတရားနှင့် လက်တွေ့ကျမှု၊ အပြန်အလှန်နားလည်သည်းခံမှုများဖြင့် ဘက်ပေါင်းစုံ၏ ကျိုးကြောင်းဆီလျော်သော တောင်းဆိုချက်များကို ထည့်သွင်းစဉ်းစားကာ တည်ငြိမ်အေးချမ်းရေးကို ဆောလျင်စွာ ဖော်ဆောင်ကြရန် အားပေးကြောင်း ပြောကြားသည်။

ဒုတိယအချက်အနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ် ပြန်လည်စတင်ပြီး တိုင်းပြည်အာဏာကို ပြည်သူများထံ ပြန်လည်အပ်နှင်းရေး မျှော်မှန်းချက် အကောင်အထည်ဖော်ရန်အတွက် တရုတ်နှင့် အာဆီယံ အတူတွန်းအားပေးကာ မြန်မာနိုင်ငံအခြေအနေနှင့် ကိုက်ညီသော၊ မြန်မာ့ဝိသေသလက္ခဏာဆောင်သော နိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို ရှာဖွေနိုင်ရန် မျှော်လင့်ကြောင်း၊ တတိယအချက်မှာ အာဆီယံက “အာဆီယံနည်းလမ်း” ကို လက်ကိုင်စွဲ၍ ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်မှုမရှိရေး၊ ပေါင်းစပ်ညှိနှိုင်းရေး ဟူသော အခြေခံမူနှင့် အစဉ်အလာများကို ခိုင်မြဲစေကာ တည်တည်ငြိမ်ငြိမ်နှင့် နှောင့်ယှက်မှုများကို ဖယ်ရှားပြီး စိတ်ရှည်လက်ရှည် ညှိနှိုင်းခြင်းဖြင့် အာဆီယံ၏ “တူညီဆန္ဒငါးရပ်”(five-point consensus)ကို အပြုသဘောဆောင်စွာ အကောင်အထည်ဖော်ရင်း အာဆီယံ၏ ပြီးပြည့်စုံသော စည်းလုံးညီညွတ်မှုနှင့် ဦးဆောင်မှုအခန်းကဏ္ဍကို ထိန်းသိမ်းရန် မျှော်လင့်ကြောင်း ပြောကြားသွားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)