MNP ၊ ဇူလိုင် ၄
ပဲခူးတိုင်းဒေသကြီး၌၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူ များအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပဲခူးမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ပဲခူးမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက မြန်မာ့ ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်ကြပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဩဝါဒအမှာ
စကား ပြောကြားသည်။
ဆက်လက်ပြီး ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် (၆)ဘာသာဂုဏ်ထူးရှင်များနှင့် မြန်မာတစ်နိုင်ငံလုံးတွင် ဝိဇ္ဇာဘာသာဖြင့် (ပဉ္စမ)အဆင့်ရရှိခဲ့သည့်(၅)ဘာသာဂုဏ်ထူးရှင်တို့အား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လည်းကောင်း၊ (၅)ဘာသာဂုဏ်ထူးရှင်များနှင့် (၄)ဘာသာဂုဏ်ထူးရှင်များအား တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တိုင်းဒေသကြီးပညာရေးမှူးတို့မှလည်းကောင်း ဂုဏ်ပြုလက်မှတ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ဆုရကျောင်းသား/ကျောင်းသူများ ကိုယ်စား (၆)ဘာသာဂုဏ်ထူးရှင် မအိမ့်စံမှီထွဋ်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ပြည်မြန်မာသီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်ကာ အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူး ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ သီဆိုဖျော်ဖြေတင်ဆက်ကြသော ကျောင်းသား/ ကျောင်းသူလေးများအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ပြီး ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းသားမိဘများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေးစကားပြောကြားခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအတွင်း၌ ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် စာရင်းရှိ(၂၉၈၅၄)ဦးအနက် ဖြေဆိုသူ(၂၇၁၂၃)ဦး၊ အောင်မြင်သူ(၁၂၅၀၀)ဦးဖြစ်၍ (၄၆.၀၉%)အောင်မြင်ခဲ့ပြီး (၆)ဘာသာဂုဏ်ထူး (၄)ဦး၊ (၅)ဘာသာဂုဏ်ထူး(၂၅)ဦး၊ (၄)ဘာသာဂုဏ်ထူး(၇၆)ဦး၊ (၃)ဘာသာဂုဏ်ထူး(၃၈၄)ဦး၊ (၂)ဘာသာ ဂုဏ်ထူး(၅၇၄)ဦး၊ (၁)ဘာသာဂုဏ်ထူး(၄၃၄၅)ဦး၊ ရိုးရိုးအောင်မြင်သူ(၇၀၉၂)ဦးရှိကြောင်းသိရသည်။
သတင်း - သက်ဖြိုးကြို
https://t.me/MyanmarNationalPost




No comments:
Post a Comment