MNP - ဇူလိုင် ၁၂
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ဖလံကျင်းကျေးရွာရှိ ဒေသခံကျေးလက်နေပြည်သူများ ၂၄နာရီ လျှပ်စစ်မီး သုံးစွဲနိုင်ရေးအတွက် ယခုနှစ်တွင် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း(NEP) Phase2 အစီအစဉ်ဖြင့် မြို့နယ်လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးရုံးမှ ကျေးရွာလျှပ်စစ်မီးလင်းရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာမကြာမီ လျှပ်စစ်မီးလင်းရေးလုပ်ငန်းများဆောင်ရွက်ပြီးစီးတော့မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်လျှပ်စစ်မန်နေဂျာ ဦးတင့်ဇော် ထံကသိရသည်။
ပွင့်ဖြူမြို့နယ် ဖလံကျင်းကျေးရွာတွင် ကျေးရွာနေပြည်သူများ ၂၄ နာရီ လျှပ်စစ်မီး သုံးစွဲခွင့်ရရှိစေရေးအတွက် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP) Phase2 အစီအစဉ်ဖြင့် လျှပ်စစ်မီးလင်းရေး လုပ်ငန်းဆောင်ရွက်ခြင်းအား ကျေးရွာတွင်း ၄၀၀ ဗို့ ဓာတ်အားလိုင်း တည်ဆောက်ခြင်းလုပ်ငန်းကို ကျေးရွာပြည်သူလူထု ထည့်ဝင်ငွေဖြင့် ဆောင်ရွက်ပြီး ထရန်စဖော်မာ(၂)လုံး တပ်ဆင်ခြင်းနှင့် အခြား ဆက်စပ်လုပ်ငန်းများကို (NEP) Phase2 အစီအစဉ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရကာမကြာမီ လျှပ်စစ်မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးတော့မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်လျှပ်စစ်မန်နေဂျာ ဦးတင့်ဇော်က ပြောသည်။
အဆိုပါ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း(NEP) Phase2 အစီအစဉ်ဖြင့် ဆောင်ရွက်သည့် ကျေးရွာလျှပ်စစ် မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ဖလံကျင်းကျေးရွာရှိ အိမ်ထောင်စု ၃၄၇ စုမှ လူဦးရေ ၁၄၇၄ ဦးအတွက် ၂၄ နာရီ လျှပ်စစ်မီးသုံးစွဲခွင့်ရရှိစေမည့်အပြင် ကျေးရွာ၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အစရှိသည့် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများကိုလည်း အဆင်ပြေစွာဆောင်ရွက် လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်းနှင့် ပွင့်ဖြူမြို့နယ်၌ ကျေးရွာပေါင်း ၂၀၅ ရွာရှိသည့်အနက် ကျေးရွာပေါင်း ၁၇၆ ရွာတွင် ကျေးရွာလျှပ်စစ်မီးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောသည်။
ပွင့်ဖြူမြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးအနေဖြင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးရွာလျှပ်စစ်မီးလင်းရေးလုပ်ငန်း ဆောင်ရွက်ခြင်းကို အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP) Phase2 အစီအစဉ်ဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှ စတင်၍ ကျေးရွာပေါင်း(၂၀)အား ကျေးရွာလျှပ်စစ်မီးလင်းရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ယခုအခါ အဆိုပါ ကျေးရွာပေါင်း (၂၀)အနက်မှ ပွင့်ဖြူမြို့နယ် ဂတ်ကုန်း ကျေးရွာ၊ မှရိုး ကုန်းကျေးရွာ၊ ကျစ်ကိုင်းကျေးရွာ၊ မအူလေးပင်ကျေးရွာနှင့် ညောင်လှကျေးရွာတို့တွင် လျှပ်စစ်မီးလင်းရေး လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။
သတင်း - လှိုင်ဝင်းလေး
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment