နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ Novosibirsk မြို့သို့ ရောက်ရှိ၊ Novosibirsk State University နှင့် Higher Military Command School တို့သို့ သွားရောက်လေ့လာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ Novosibirsk မြို့သို့ ရောက်ရှိ၊ Novosibirsk State University နှင့် Higher Military Command School တို့သို့ သွားရောက်လေ့လာ







MNP ၊ ဇူလိုင် ၁၆

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးလွင်ဦး၊ စစ်သံမှူး ဗိုလ်မှူးချုပ် မိုးကျော်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ဒေသစံတော်ချိန် နံနက်ပိုင်းတွင် စိန့်ပီတာစဘတ်မြို့ ပူကောဗာ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတဆင့် Novosibirsk မြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာရာ စိန့်ပီတာ စဘတ်မြို့အစိုးရအဖွဲ့မှ တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက် ကြသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် Novosibirsk မြို့၊ Tolmachevo လေဆိပ်သို့ ရောက်ရှိကြရာ တာဝန် ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ကိုယ်စားလှယ် အဖွဲ့ဝင်များသည် Novosibirsk State University သို့ ရောက်ရှိ ကြရာ တက္ကသိုလ်မှပါမောက္ခချုပ် Dr. Mikhail Petrovich Fedoruk နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး သိပ္ပံနှင့်နည်းပညာ ဘာသာရပ်အလိုက် သုတေသနတွေ့ရှိချက် ဆိုင်ရာပြခန်းများ၊ ဓါတုဗေဒ၊ ရူပဗေဒ၊  အသုံးချသင်္ချာနှင့် သတင်းအချက်အလက် နည်းပညာဘာသာရပ်၊ ဇီဝဗေဒ၊ ဘူမိဗေဒ ဆိုင်ရာဖော်ထုတ် တွေ့ရှိချက်များ၊ ခေတ်မီနည်းပညာဖြင့် နောင်တစ်ချိန် ကမ္ဘာပေါ်တွင် ဖြစ်ပေါ်လာနိုင်မည့် အခြေအနေများကို ကြိုတင်တွက်ချက်ထားရှိမှု ဖော်ထုတ်ချက်များ၊ ဓာတ်ခွဲခန်း သုတေသနခန်းနှင့် စာသင်ခန်းများ လှည့်လည်ရှင်းလင်းပြသကြသည်။ ရှင်းလင်းပြသ မှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က သိရှိလို သည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့သည်။


ယင်းနောက် တက္ကသိုလ်အစည်းအဝေးခန်းမတွင် Novosibirsk State University ၏ စာပေသင်ကြားပို့ချပေးနေမှုဆိုင်ရာ Video File ကို ဖွင့်လှစ်ပြသခဲ့ပြီး ပါမောက္ခချုပ်က  တက္ကသိုလ်ဆိုင်ရာ အချက်အလက်များ၊ နိုင်ငံခြားသင်တန်းသားများကို လက်ခံသင်ကြားပေးနေမှုများ၊ အဆင့်မြင့်ဘွဲ့လွန်ပညာသင်တန်းများ၏ သင်ရိုး ညွှန်းတမ်းအလိုက် သင်ကြားဆောင်ရွက်မှု အစီအစဉ်များ၊ ကျောင်းသား၊ ကျောင်းသူများ နေထိုင်ရေးအတွက် အဆောင်နှင့်အားကစားရုံများ ထည့်သွင်းတည်ဆောက်ထားရှိမှုများ၊ မြန်မာနိုင်ငံမှ ကျောင်းသူ၊ ကျောင်းသားများ လာရောက်တက်ရောက်မည်ဆိုပါကလည်း အသင့်ကြိုဆိုမည်ဖြစ်သည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးပြောကြားသည်။


ရှင်းလင်းဆွေးနွေးမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ကျောင်းသား၊ ကျောင်းသူများအား စိစစ်ရွေးခြယ်မှုအတွက် အရည်အချင်းသတ်မှတ်ချက်များ၊ မြန်မာနိုင်ငံမှ စစ်ဘက်၊ အရပ်ဘက် သင်တန်းသား များ စေလွှတ်တက်ရောက်ပညာသင်ကြားနိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ သိရှိလိုသည်များအား ပြန်လည်မေးမြန်းဆွေးနွေး ပြောကြားသည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် Novosibirsk State University ပါမောက္ခတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ပြီး တက္ကသိုလ်အတွင်း လှည့်လည်ကြည့်ရှုလေ့လာကြကာ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကြသည်။


အဆိုပါ Novosibirsk State University သည် ၁၉၅၈ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ သည့် ပုဂ္ဂလိကပိုင် သုတေသနတက္ကသိုလ်တစ်ခုဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် QS World University ၌ အဆင့် ၂၄၆ ရရှိခဲ့ကြောင်း၊ တက္ကသိုလ်တွင် လူမှုပညာရပ်ဆိုင်ရာဌာနခွဲ၊ ဆေးပညာနှင့် စိတ်ပညာဌာနခွဲ၊ ဒဿနိကဗေဒနှင့် ဥပဒေဌာနခွဲ၊ သင်္ချာနှင့်စက်မှုသိပ္ပံဌာနခွဲ၊ ရူပဗေဒဌာနခွဲ၊ ဘူမိဗေဒနှင့် ဘူမိရူပဗေဒဌာနခွဲ၊ သဘာဝသိပ္ပံဌာနခွဲ၊ သတင်း အချက်အလက်နှင့် နည်းပညာဌာနခွဲ၊ စီးပွားရေးနှင့် စီမံခန့်ခွဲမှု ဌာနခွဲနှင့် လေ့ကျင့်ရေး ဌာနခွဲတို့အပြင် အင်္ဂလိပ်၊ ဂျာမန်၊ ပြင်သစ်၊ အီတလီ၊ စပိန်၊ ဂျပန်နှင့် တရုတ်ဘာသာ စကားတို့ကို ဒုတိယဘာသာစကားအဖြစ် သင်ကြားပို့ချပေးလျက်ရှိသည့် ဘာသာစကား သင်တန်းများလည်းရှိကြောင်း သိရှိရသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် Higher Military Command School သို့သွားရောက် လေ့လာကြည့်ရှုကြရာ ကျောင်းအုပ်ကြီး Major General Markochin Segeri Gregorivich နှင့် တာဝန်ရှိသူများက ခင်မင်ရင်းနှီးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နိုင်ငံတော်အတွက် အသက်စွန့်လွှတ်တာဝန် ထမ်းဆောင်ခဲ့ကြသည့် သူရဲကောင်းဆုတံဆိပ်ရရှိသူများကို ဂုဏ်ပြုထားသည့် သူရဲကောင်းရုပ်တုများအား ဂုဏ်ပြုပန်းခြင်းဖြင့် အလေးပြုကြသည်။


၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျောင်းအတွင်းရှိ လက်နက်ငယ်ပစ်ခတ်မှု Simulator ခန်းမ၌ သင်တန်းသားများ ပစ်ခတ်စဉ် လေ့ကျင့်နေမှုများနှင့် ရုရှားတပ်မတော်မှ ထုတ်လုပ်ထားသည့် လက်နက်များနှင့် လက်နက်ချိန်ဆိုဒ်များကို ကြည့်ရှုလေ့လာရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်အား ရုရှားတပ်မတော်တွင် နှစ်ပေါင်း ၈၀ ကြာ တာဝန်ထမ်းဆောင်ခဲ့သည့် ရုရှားတပ်မတော်ထုတ် သမိုင်းဝင်လက်နက်ချိန်ဆိုဒ်ကို အမှတ်တရ လက်ဆောင်အဖြစ်ပေးအပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က အမှတ်တရ လက်ဆောင်ပစ္စည်းပြန်လည်ပေးအပ်သည်။


ယင်းနောက် ညပိုင်းတွင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်ကိုယ်စားလှယ် အဖွဲ့ဝင်များသည် Novosibirsk မြို့ အစိုးရအဖွဲ့အကြီးအကဲက တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာကို အတူတကွသုံးဆောင်ခဲ့ကြသည်။ ညစာသုံးဆောင်နေစဉ်အတွင်း အနုပညာရှင်အဖွဲ့က ရိုးရာတေးသီချင်း၊ အကအလှများဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)