နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Novosibirsk အစိုးရအဖွဲ့အကြီးအကဲနှင့် တွေ့ဆုံဆွေးနွေး၊ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Novosibirsk အစိုးရအဖွဲ့အကြီးအကဲနှင့် တွေ့ဆုံဆွေးနွေး၊ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ







MNP ၊ ဇူလိုင် ၁၆

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Novosibirsk မြို့သို့ရောက်ရှိနေသည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် Novosibirsk အစိုးရအဖွဲ့ အကြီးအကဲ Mr. Andrey Alexandrovich Travnikov နှင့် အစိုးရအဖွဲ့ရုံး၌ တွေ့ဆုံဆွေးနွေးသည်။


အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ကောင်စီဝင် မန်းငြိမ်းမောင်၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ခရီးစဉ်တွင် လိုက်ပါလာသည့် စစ်ဘက်၊ နယ်ဘက် အရာရှိကြီးများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးလွင်ဦး၊ စစ်သံမှူး ဗိုလ်မှူးချုပ်မိုးကျော်တို့ တက်ရောက်ကြပြီး Novosibirsk အစိုးရ အဖွဲ့အကြီးအကဲနှင့်အတူ Higher Military Command School ကျောင်းအုပ်ကြီး၊ သိပ္ပံနှင့်နည်းပညာ၊ ပညာရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ ခရီးသွားလာရေးနှင့် အခြားနယ်ပယ်အသီးသီးမှ သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။


ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် Novosibirsk ဒေသ၏ပထဝီဆိုင်ရာအချက် အလက်များအရ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ နှစ်နိုင်ငံပို့ကုန်၊ သွင်းကုန်များ အပြန်အလှန်တင်ပို့ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ချိတ်ဆက်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ Novosibirsk နှင့် မြန်မာနိုင်ငံ တိုက်ရိုက်လေကြောင်းလိုင်း ပြေးဆွဲပျံသန်းနိုင်မည့် အခြေအနေများ၊ Novosibirsk ဒေသတွင် နယ်ပယ်ကဏ္ဍအသီးသီးမှ အဆင့်မြင့် တက္ကသိုလ်ပေါင်း ၂၂ ခု ရှိပြီး နိုင်ငံခြားသား သင်တန်းသားများကိုပါ လက်ခံသင်ကြားပေးလျက်ရှိသည့်အတွက် ပညာရေးနယ်ပယ်တွင် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပမည့် သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဖိုရမ်သို့ မြန်မာကိုယ်စားလှယ်အဖွဲ့စေလွှတ်ပေးနိုင်ရေးနှင့် သိပ္ပံနှင့်နည်းပညာကဏ္ဍအတွက် လေ့လာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်သည့် အခြေအနေများ၊ ယဉ်ကျေးမှုနယ်ပယ်တွင်လည်း အပြန်အလှန်ဖလှယ်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို စစ်ဘက်၊ နယ်ဘက်ကဏ္ဍပေါင်းစုံ၌ တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်သည့် အခြေအနေများနှင့်ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။


တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် Novosibirsk အစိုးရအဖွဲ့အကြီးအကဲတို့သည် အမှတ်တရလက်ဆောင် ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြသည်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာသည့် ဇနီး ဒေါ်ကြူကြူလှနှင့် အဖွဲ့ဝင်များသည်လည်း Novosibirsk မြို့ Marriott Hotel အနီးရှိ ကမ္ဘာ့အကြီးဆုံး ပြဇာတ်ရုံများ အနက်တစ်ခုဖြစ်သည့် ရှေးဟောင်းသမိုင်းဝင် Novosibirsk State Academic Opera and Ballet Theatre သို့ ရောက်ရှိလေ့လာကြရာ ပြဇာတ်ရုံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ပြဇာတ်ရုံဆိုင်ရာ အချက်အလက်များအား လိုက်လံရှင်းလင်းပြသခဲ့ကြသည်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ယနေ့ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Novosibirskမြို့၊ Tolmachevo လေဆိပ်မှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သို့ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း(MAI)မှအထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာရာ Novosibirsk အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ Higher Military Command School ကျောင်းအုပ်ကြီး၊ တပ်မ ၄၁ ယာယီတပ်မမှူးနှင့် တာဝန်ရှိသူများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးလွင်ဦး၊ စစ်သံမှူး ဗိုလ်မှူးချုပ် မိုးကျော်နှင့် တာဝန်ရှိသူများက လေဆိပ်တွင် လိုက်လံပို့ဆောင်နှုတ်ဆက်ကြသည်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကိုယ်စားလှယ်အဖွဲ့ဝင်များအဖြစ် လိုက်ပါသွားကြသည့် ဇနီးဒေါ်ကြူကြူလှ၊  ကောင်စီဝင် မန်းငြိမ်းမောင်၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသိန်းကျော်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊ မြန်မာ့တပ်မတော်မှ ထူးချွန်ဆုရအရာရှိများ၊ စစ်ဘက်၊ နယ်ဘက်မှ တာဝန်ရှိသူများ ပြန်လည်လိုက်ပါလာခဲ့ကြသည်။


ခရီးစဉ်အတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာလုဂါပြည်နယ်၊ အတနာမီကမ္ဘာ့ယဉ်ကျေးမှုမြို့တော်အတွင်းရှိ ရွှေစည်းခုံစေတီတော်ကြီး ရတနာစိန်ဖူးတော်၊ ငှက်မြတ် နားတော်၊ ရွှေထီးတော် တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေကာ အနေကဇာတင်မင်္ဂလာ အခမ်းအနားပြုလုပ်ခြင်း၊ စစ်ဘက်၊ အရပ်ဘက်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်းတို့အပြင် ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ အထင်ကရနေရာများ၊ တက္ကသိုလ်များနှင့် စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်လေ့လာခဲ့ကြပြီး နှစ်နိုင်ငံအစိုးရနှင့် တပ်မတော် နှစ်ရပ်အကြား ချစ်ကြည်ရေးနှင့် ယဉ်ကျေးမှုပူးပေါင်းဆောင်ရွက်မှုကဏ္ဍ၊ စစ်ဘက်နည်းပညာဆိုင်ရာကဏ္ဍ၊ သိပ္ပံနှင့်နည်းပညာကဏ္ဍ၊ သုတေသနလုပ်ငန်းကဏ္ဍ၊ လူစွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ စီးပွားရေး လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှု ကဏ္ဍ၊ ယဉ်ကျေးမှုကဏ္ဍနှင့် အခြားကဏ္ဍပေါင်းစုံတို့တွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာအောင် ဆွေးနွေးဆောင်ရွက်နိုင်ခဲ့သည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာစံတော်ချိန် ညပိုင်းတွင် နေပြည်တော်တပ်မတော်လေဆိပ်သို့ ပြန်လည်ရောက်ရှိကြရာ ကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီး များနှင့်ဇနီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ သံရုံးဒုတိယ အကြီးအကဲ Mr. Pavel A.KLABUKOV နှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)