NUG နှင့် PDFs အကြမ်းဖက်အဖွဲ့များကြောင့် နိုင်ငံတဝန်းတွင် ကလေးသူငယ် (၇၆)ဦး အသက်ဆုံးရှုံးခဲ့ရပြီး ဆေးရုံနှင့်ဆေးခန်း (၂၇)ခု၊ ကျောင်းနှင့် ပညာရေး အဆောက်အဦ (၅၀၄) ခု ဖျက်ဆီးခံခဲ့ရကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်နှင့် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ အစီရင်ခံစာအပေါ် မြန်မာနိုင်ငံ တုံ့ပြန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

NUG နှင့် PDFs အကြမ်းဖက်အဖွဲ့များကြောင့် နိုင်ငံတဝန်းတွင် ကလေးသူငယ် (၇၆)ဦး အသက်ဆုံးရှုံးခဲ့ရပြီး ဆေးရုံနှင့်ဆေးခန်း (၂၇)ခု၊ ကျောင်းနှင့် ပညာရေး အဆောက်အဦ (၅၀၄) ခု ဖျက်ဆီးခံခဲ့ရကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်နှင့် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ အစီရင်ခံစာအပေါ် မြန်မာနိုင်ငံ တုံ့ပြန်



MNP ၊ ဇူလိုင် ၂၂

နိုင်ငံရေးအရ ရေးသားထားသည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်နှင့် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ အစီရင်ခံစာအပေါ် မြန်မာနိုင်ငံ၏ တုံ့ပြန်ချက် အနေဖြင့် လက်နက်ကိုင်ပဋိပက္ခများတွင် ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ် တားဆီးရေး ကော်မတီ ထုတ်ပြန်ထားရာတွင် NUG နှင့် PDFs အကြမ်းဖက်အဖွဲ့များကြောင့် နိုင်ငံတဝန်းတွင် ကလေးသူငယ် (၇၆)ဦး အသက်ဆုံးရှုံးခဲ့ရပြီး ဆေးရုံနှင့်ဆေးခန်း (၂၇)ခု၊ ကျောင်းနှင့် ပညာရေး အဆောက်အဦ (၅၀၄) ခု ဖျက်ဆီးခံခဲ့ရကြောင်း ထည့်သွင်းဖော်ပြထားသည်။


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ကလေးသူငယ်နှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ ၂၀၂၁ ခုနှစ် အစီရင်ခံစာကို ၁၁-၇-၂၀၂၂ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ယင်းအစီရင်ခံစာဆိုင်ရာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ တံခါးဖွင့်အစည်းအဝေးကို ၁၉-၇-၂၀၂၂ ရက်၌ ကျင်းပခဲ့ကြောင်း၊ မြန်မာနိုင်ငံကို ယင်းအစီရင်ခံစာ၏ နောက်ဆက်တွဲစာရင်းမှ ၂၀၂၀ ပြည့်နှစ်တွင် ပယ်ဖျက်ခဲ့ပြီးဖြစ်သော်လည်း ပြည်တွင်းနိုင်ငံရေး ဖြစ်ပေါ်မှုများကို အခြေခံ၍ တပ်မတော်ကို အစီရင်ခံစာ၏ နောက်ဆက်တွဲတွင် ၂၀၂၁ ခုနှစ်မှစတင်၍ ပြန်လည် စာရင်းသွင်းခဲ့သည်ကို စိတ်ပျက်ရကြောင်း၊ ယခုနှစ် အစီရင်ခံစာတွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံအချို့ကို ထည့်သွင်း ဖော်ပြထားပြီး သံသယဖြစ်ဖွယ် ကိန်းဂဏန်း အမြောက်အမြားပါဝင်နေကြောင်း၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ကလေးသူငယ်နှင့် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် ကုသလမဂ္ဂ စောင့်ကြည့်လေ့လာ အစီရင်ခံ တင်ပြရေးလုပ်ငန်းအဖွဲ့ (UNCTFMR) တို့သည် ၎င်းတို့၏ တာဝန်များကို ပွင့်လင်းမြင်သာစွာနှင့် ဘက်လိုက်မှုမရှိဘဲ ထမ်းဆောင်ရမည်ဖြစ်သော်လည်း ယင်းအစီရင်ခံစာပါ ကိန်းဂဏန်းများနှင့် စွပ်စွဲချက်များကို မြန်မာနိုင်ငံနှင့်စိစစ်ရန် ပျက်ကွက်ခဲ့ကြောင်း တုန့်ပြန်ထားသည်။


အဆိုပါအစီရင်ခံစာတွင် မည်သည့်ဖြစ်စဉ်ကိုမျှ ဖော်ပြထားခြင်းမရှိဘဲ ကိန်းဂဏန်းများ သက်သက်သာပါဝင်ပြီး NUG နှင့် PDFs အမည်ခံအဖွဲ့များက ကျူးလွန်သည့် လူသတ်မှု အမြောက် အမြားကို လျှော့ပေါ့ဖော်ပြကာ တာဝန်ရှိသည့် အကြမ်းဖက်သမားများကို “အမည်မဖော်နိုင်သော ကျူးလွန်သူများ” ဟု သုံးနှုန်းထားသည်။ NUG နှင့် PDFs အကြမ်းဖက်အဖွဲ့များကြောင့် နိုင်ငံတဝန်းတွင် ကလေးသူငယ် (၇၆)ဦး အသက်ဆုံးရှုံးခဲ့ရပြီး ဆေးရုံနှင့်ဆေးခန်း (၂၇)ခု၊ ကျောင်းနှင့် ပညာရေး အဆောက်အဦ (၅၀၄) ခု ဖျက်ဆီးခံခဲ့ရကြောင်း၊ မြန်မာနိုင်ငံသည် ကုလသမဂ္ဂ ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာစာချုပ်၏ အဖွဲ့ဝင်နိုင်ငံ ဖြစ်သည်နှင့်အညီ အစိုးရအနေဖြင့် ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ တားဆီးရေးကို သန္နိဌာန်ချမှတ်ထားကြောင်း၊ သို့ဖြစ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် လက်နက်ကိုင် ပဋိပက္ခများတွင် ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ တားဆီးကာကွယ်ရေး ကော်မတီ၏ လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ကော်မတီကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၂၁) ရက်နေ့တွင် ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း၊ လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် သေကျေထိခိုက် ဒဏ်ရာရစေမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ကျူးလွန်မှုများမှ ကာကွယ်တားဆီး ထိန်းသိမ်းရေး ဒုတိယအမျိုးသားအဆင့် လုပ်ငန်းစီမံချက် (၂၀၂၂-၂၀၂၃) ကို အပြီးသတ်ရေးဆွဲ လျက်ရှိပြီး ပထမလုပ်ငန်းစီမံချက်ကို (၁၀.၈.၂၀၂၀) ရက်နေ့မှ (၁၀.၈.၂၀၂၁) ရက်နေ့အထိ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း တုန့်ပြန်ချက်တွင် ဖော်ပြထားသည်။


ထို့အပြင် မြန်မာနိုင်ငံသည် ကလေးသူငယ်များအား စစ်မှုထမ်းစေခြင်းနှင့် အသုံးပြုခြင်းမှ တားဆီးရေး ရည်ရွယ်လျက် UNCTFMR နှင့် ပူးတွဲလုပ်ငန်းစီမံချက်ကို ၂၀၁၂ ခုနှစ်တွင် လက်မှတ် ရေးထိုးခဲ့ကြောင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဥက္ကဋ္ဌအဖြစ် ဦးဆောင်၍ အရွယ် မရောက်သူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေး ကော်မတီကို ၂၀၁၁ ခုနှစ်ကတည်းက ဖွဲ့စည်းခဲ့ပြီး ကုလသမဂ္ဂ စောင့်ကြည့်လေ့လာအစီရင်ခံ တင်ပြရေး လုပ်ငန်းအဖွဲ့နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ ကော်မတီသည် UNCTFMR နှင့် ပူးပေါင်းဆောင်ရွက်မှုကို အစဉ်အလာမပြတ် ထိန်းသိမ်းခဲ့သော်လည်း လုပ်ငန်းအဖွဲ့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း မရှိခဲ့သည်ကို တွေ့ရှိရကြောင်း၊ သို့ရာတွင် ကော်မတီသည် ၃-၅-၂၀၂၂ ရက်တွင် UNCTFMR နှင့် အစည်းအဝေးတစ်ရပ် ကျင်းပရေးကို ဖြစ်မြောက်ရန် ဆောင်ရွက်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။


မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂ၏ အထောက်အကူပြုမှု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မိမိဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း၊ အသက် စိစစ်ရန် စာရွက်စာတမ်း မပြည့်စုံခြင်းကြောင့် တပ်မတော်တွင်း မှားယွင်းစုဆောင်းခဲ့သည့် အရွယ် မရောက်သေးသူ ၂၈ ဦးအား ၁၃-၅-၂၀၂၂ ရက်တွင် မိဘ/အုပ်ထိန်းသူများထံသို့ ပြန်လည်အပ်နှံ ခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ်မှ ၂၀၂၂ ခုနှစ်၊ မေလအတွင်း အရွယ်မရောက်သေးသူ ၁၀၅၇ ဉီးကို တပ်မတော်မှ နုတ်ထွက်စေခဲ့ပြီးဖြစ်ကာ တာဝန်ရှိသည့် တပ်မတော်သား ၄၇၅ ဦး (အရာရှိ ၁၀၉ ဦးနှင့် အခြားအဆင့် ၃၆၆ ဦး) ကို အရေးယူအပြစ်ပေးမှုများ ဆောင်ရွက်ခဲ့ကြောင်း၊ အစီရင်ခံစာသည် ယင်းဖြစ်စဉ်အမှန်များကို ဖော်ပြရန်ပျက်ကွက်ခဲ့ကြောင်း တုန့်ပြန်ထားသည်။


ထို့အပြင်ရာထူးမှ ထုတ်ပယ်ခံထားရပြီး နိုင်ငံတော်သစ္စာဖောက်ဖျက်မှုဖြင့် တရားစွဲဆိုခြင်း ခံထားရသူ ကျော်မိုးထွန်းသည် အထက်ပါအစည်းအဝေးသို့ တက်ရောက်၍ အထင်အမြင်မှားစေသော မိန့်ခွန်း ပြောကြားခဲ့ကြောင်း တွေ့ရှိရကြောင်း၊ ၎င်း၏ ပါဝင်ဆွေးနွေးမှုအပေါ် ကန့်ကွက်ကြောင်း ကုလသမဂ္ဂဘက်သို့ အကြောင်းကြားပြီးဖြစ်ကာ နိုင်ငံကို ကိုယ်စားမပြုသော ၎င်း၏မိန့်ခွန်းကို ပယ်ချကြောင်း၊ ကုလသမဂ္ဂ၏ ယင်းသို့ဆောင်ရွက်ချက်များသည် အပြုသဘောရလဒ် မဖြစ်ပေါ်စေဘဲ ကုလသမဂ္ဂ၏ မူဝါဒများနှင့်ဆန့်ကျင်သော နိုင်ငံရေးသွတ်သွင်းမှုများကို ပိုမိုဖြစ်ပေါ်စေကြောင်း၊ သို့ဖြစ်ရာ မြန်မာနိုင်ငံက အစီရင်ခံစာတွင်ပါဝင်သော အခြေအမြစ်မရှိသည့် စွပ်စွဲချက်များနှင့် နိုင်ငံအချို့ တစ်ဖက်သတ် ပြောကြားချက်များကို ပြတ်သားစွာပယ်ချကြောင်း တုန့်ပြန်ထားသည်ကို တွေ့ရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)