MNP ၊ ဇူလိုင် ၇
မြန်မာ-အိန္ဒိယနယ်စပ် တမူးမြို့တွင် အိန္ဒိယ နိုင်ငံသား ၂ဦးကို PDF က သတ်ဖြတ်လိုက်သဖြင့် နှစ်နိုင်ငံ လုံခြုံရေးကိစ္စများ ဆွေးနွေး ဆောင်ရွက်လျက်ရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်ကး ပြောကြားထာသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက "တမူးမှာ ဇူလိုင်လ (၅)ရက်နေ့ နေ့လည် ၁၂နာရီ ခွဲလောက်မှာ တမူးမြို့နယ်၊ စော်ဘွား ၉ ရပ်ကွက်မှာ အမျိုးသား နှစ်ယောက် သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးတဲ့အကြောင်းကို အဲဒီ နယ်ခံတွေကပဲ ကျွန်တော်တို့ဆီ သတင်းပို့ပါတယ်။ တမူးမှာရှိတဲ့ မြို့နယ် ရဲစခန်းက မြို့နယ်မှူးအပါအဝင် လုံခြုံရေးတပ်ဖွဲ့တွေက ၁၂ ၄၅ လောက်မှာ သွားရောက်စစ်ဆေးတဲ့အခါမှာ ဟိန္ဒူလူမျိုးလို့ ယူဆရတဲ့ အသက် ၃၅ နှစ်ခန့်ရှိတဲ့ အမျိုးသား တစ်ယောက်၊ အသက် ၃၂ ခန့် မှန်းတဲ့ အမျိုးသားတစ်ယောက် ဒဏ်ရာတွေကတော့ သေနတ်နဲ့ ပစ်သွားတဲ့ အနေအထားပဲ။ ဦးထောင်တွေ ထိမှန်တဲ့ အနေအထား ရှိတယ်။ သေဆုံးနေတာ တွေ့ရတယ်။ အဲဒါနဲ့ မြို့နယ် ရဲတပ်ဖွဲ့နဲ့ လုံခြုံရေးအဖွဲ့တွေက အနီးအနား ပတ်ဝန်းကျင်ကို စစ်ဆေးတယ်။ စစ်ဆေးတဲ့အခါမှာတော့ ဒီ ၂ယောက်က စော်ဘွားရပ်ကွက်အတွင်းကို ဆိုင်ကယ်တစ်စီးနဲ့ ဝင်လာတယ်။ ၂ယောက်လုံး အတူတူ စီးလာတာပဲ။ ဝင်လာတဲ့အချိန်မှာ အကြမ်းဖက်အဖွဲ့တစ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်ပြီး ထွက်ပြေးသွားတာကို သိရတယ်။ အလောင်းတွေ တမူးဆေးရုံကို ပို့တယ်။ ၁ နာရီခွဲလောက်မှာ ရောက်တယ်။ တမူးရဲစခန်းမှာ သေမှုသေခင်း ဖွင့်တယ်။ အလောင်းတွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ မြို့မိမြို့ဖတွေနဲ့ သတင်းစုံစမ်းခဲ့တယ်။ လာရောက် ဆက်သွယ်တာမျိုးလည်း မရှိဘူး။ မရှိတဲ့အတွက်ကြောင့် နောက်တစ်နေ့ မနက်မှာ တမူးမြို့ သုဿာန်မှာ မီးသင်္ဂြိုခဲ့ကြောင်း သိရှိရတယ်။ ဇူလိုင်လ ၆ ရက်နေ့ ဖြစ်စဉ်ဖြစ်ပြီး နောက်တစ်နေ့ပေါ့ နေ့လည် ၁ နာရီခွဲလောက်မှ အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်၊ မိုရေးမြို့မှာ ရှိတဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းက တာဝန်ရှိသူတစ်ယောက်က ဖုန်းနဲ့ ဆက်သွယ်လာတယ်။ သေဆုံးသူတွေက မိုရေးမြို့၊ ဟိန္ဒူရပ်ကွက်က ပီမိုဟန် ၂၈ နှစ်နဲ့ အာရန်းဂျား ၃၅ နှစ် ဖြစ်တယ်လို့ ပြောလာတယ်။ ဇူလိုင်လ ၅ ရက်နေ့မှာ မြန်မာ-အိန္ဒိယ နယ်ခြား ပန်းဘဲတန်းပေါက်ပေါ့နော်။ ဒေသအခေါ်။ ပန်းဘဲတန်းပေါက်ကနေပြီးတော့ မြန်မာနိုင်ငံထဲကို ဝင်ရောက်လာသူတွေ ဖြစ်တယ်ဆိုပြီး ပြောပြတယ်။ တရားဝင် ပြန်ပြီးတော့ ဆက်သွယ်ပါတယ်။ တရားဝင် ဝင်ရောက်လာတဲ့သူတွေလား ဆိုတော့ တရားဝင် ဝင်ရောက်တာတော့ မရှိဘူး။ အဲဒီဘက်မှာ ကလည်း အများအားဖြင့် က တမူး-မိုရေး ဆိုတာ ဆက်စပ်နေတဲ့ နယ်မြေဖြစ်တဲ့အတွက်ကြောင့် သွားလာကူးသန်းမှုတွေ ရှိတယ်။ တရားမဝင် ဝင်ရောက်တာ မဝင်ရောက်တာတော့ အဓိက မဟုတ်ဘူး။ သွားလာ ကူးသန်းမှု ရှိတယ်။ အဲဒီ ၅ ရက်နေ့က တမူးမြို့နယ် ကညန ရုံးကို PDF တွေ ဝင်ရောက် ပစ်ခတ်ခဲ့တာ ရှိတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ကို တိုက်ခိုက်ခဲ့တာ ရှိပါတယ်ဗျ။ အဲဒီမတိုင်ခင် မှာ ဒီ ၂ယောက် အသတ်ခံခဲ့ရတာမျိုး ရှိခဲ့ပါတယ်။ ဒီဟာနဲ့ ပတ်သက်ပြီး ၆ ရက်နေ့ ညနေ ၃နာရီမှာ အိန္ဒိယဘက်အခြမ်းက ၅၀ ယောက်လောက် ဆန္ဒပြမှု ဖြစ်ပွားခဲ့တယ်။ အဲဒီ ၂ဦး သေဆုံးတဲ့ ကိစ္စနဲ့ ပတ်သက်လို့ တမူးဘက်က ကျွန်တော်တို့ တမူးဘက်က လက်ဖက်ရည်ဆိုင်တစ်ဆိုင်ကို ခဲနဲ့ ပစ်ပေါက်ခဲ့တာတော့ ရှိပါတယ်။ သို့သော် မိုးရေးနယ်စပ် ကုန်သွယ်ရေးစခန်းက တာဝန်ရှိသူတွေ အနေနဲ့ရော ၂နိုင်ငံ လုံခြုံရေးအဖွဲ့တွေ အနေနဲ့ရော ဖြေရှင်း ပေးခဲ့တဲ့ အတွက်ကြောင့် အေးအေးချမ်းချမ်းပဲ လူစုခွဲ ထွက်ခွါသွားစရာ ရှိတယ်။ အဲဒီ ဖြစ်စဉ် နောက်ပိုင်းမှာတော့ မိုရေးမြို့မှာ ရှိတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မြန်မာနိုင်ငံဘက်ကို အကြောင်းကြားလာတာ ရှိတယ်။ မြန်မာနိုင်ငံဘက်က လုံခြုံရေးတပ်ဖွဲ့တွေကလည်း မိုရေးဘက်ကို အကြောင်းကြားတာ ရှိတယ်။ နှစ်ဖက် ထိန်းသိမ်း ဆောင်ရွက်တဲ့အတွက် ပြဿနာကတော့ ပြေလည်သွားတာ ရှိပါတယ်။" ဟု ပြောသည်။
စွပ်စွဲမှုများနှင့် ပတ်သက်၍ ဗိုလ်ချုပ်က "စွပ်စဲချက်တွေတော့ ရှိတာပေါ့ဗျာ။ တပ်ကပဲ ပစ်သယောင်ပေါ့။ ၂နိုင်ငံချစ်ကြည်ရေး ပျက်ပြားစေဖို့အတွက် တပ်ကပဲ ပစ်သယောင် လုပ်ခဲ့ပေမယ့် ၂နိုင်ငံ တပ်များအနေနဲ့ ဆက်သွယ်မှု ဆက်ဆံမှု အမြဲတမ်း ရှိတယ်။ အားလုံးလည်း သိပြီး ဖြစ်တဲ့အတွက် ပြဿနာတွေတော့ ပြေလည်သွားပါပြီ။ ဒီဟာနဲ့ ပတ်သက်ပြီးရင် နိုင်ငံခြားရေးဝန်ကြီးဌာန အချင်းချင်း ဆက်သွယ်ပြီး မေးမြန်းနေတာလည်း ရှိတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင် အချင်းချင်းရော အားလုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက် လျက်ရှိပါတယ်။ ကျွန်တော်တို့ အနေနဲ့ ထွက်သွားတဲ့ လူတွေနဲ့ ပတ်သက်ပြီး တရားဝင် စုံစမ်းစစ်ဆေးမှုတွေလည်း လုပ်ဆောင်နေပါတယ်။ နှစ်နိုင်ငံ တည်ငြိမ်ရေး အိန္ဒိယနဲ့ မြန်မာကြားမှာ သဘောတူညီချက် ရှိပြီး ဖြစ်တယ်။ အိန္ဒိယကို ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းတွေ အနေနဲ့လည်း မြန်မာနိုင်ငံထဲမှာ ဝင်ရောက် အခြေချတာမျိုး မလုပ်အောင်၊ မြန်မာနိုင်ငံကို ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းတွေလည်း အိန္ဒိယနိုင်ငံထဲမှာ ဝင်ရောက် အခြေပြု၊ အခြေချ တာမျိုးမရှိအောင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ဆောင်ရွက်နေတာ ရှိတယ်" ဟု ပြောသည်။
ဒီကိစ္စကိုလည်း အသေးစိတ် စုံစမ်းဆောင်ရွက်လျက်ရှိပြီး နှစ်နိုင်ငံချစ်ကြည်ရေးနဲ့ ပတ်သက်ပြီးတော့ မထိခိုက်အောင် ဆောင်ရွက်လျက် ရှိကြောင်း၊ နယ်စပ်ဒေသမြို့ ဖြစ်တာနဲ့အညီ ဒီလိုမျိုး အသတ်ခံရတဲ့ ပြဿနာလေးတွေ ရှိခဲ့တယ်။ အဲဒီဘက်မှာလည်း အဖွဲ့အစည်းတွေက တရားမဝင် လက်နက်ကိုင်အဖွဲ့အစည်းတွေ စုံတယ်။ ယခင်ကတည်းက အတိုင်း ကွတ်ကီးအဖွဲ့တွေတို့၊ ကသဲအဖွဲ့တွေတို့ ရှိခဲ့တာမျိုးတွေ ရှိတယ်။ အခုနောက်ပိုင်းမှာ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေ ပေါ်တဲ့အခါမှာ သူတို့ကိုယ်တိုင် ကြေညာချက် ထုတ်ထားတာပဲ။ တမူးမှာ တမူးမြို့ပြပျောက်ကျားအဖွဲ့လို အဖွဲ့မျိုးတွေ၊ တမူး PDF လို အကြမ်းဖက်အဖွဲ့ မျိုးတွေ သူတို့ ထုတ်ပြန်ချက်အရကိုပဲ တမူးမှာ PDF တပ်ရင်း ၃ရင်းလောက် ရှိတယ်လို့ ထုတ်ပြန်ခဲ့တာ ရှိတယ်။ ယခင်ကလည်း ကျွန်တော်တို့ မိခဲ့တာတွေ ရှိပါတယ်။ တမူးမှာ ရှိသော တချို့သော စီးပွားရေး လုပ်ငန်းရှင်တွေက ဒီ PDF အကြမ်းဖက်အဖွဲ့ကို ထောက်ပံ့နေတဲ့အတွက်ကြောင့်မို့ သတင်းထုတ်ပြန်ခဲ့တာတွေလည်း ရှိတယ်။ ဖမ်းဆီး မေးမြန်းခဲ့ရတာတွေလည်း ရှိတယ်။ လွန်ခဲ့တဲ့ တစ်လလောက်က တမူး အကျဉ်းစခန်းကို PDF အကြမ်းဖက်အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့လို့ လက်နက်တွေ ပါသွားတဲ့ ဖြစ်စဉ်တွေလည်း ဖြစ်ခဲ့ဖူးတယ်။ တချို့ စီးပွားရေးအရ မပြေလည်မှုတွေ ရှိတဲ့အတွက်ကြောင့်မို့ သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိတယ်။
အခုဖြစ်စဉ်နဲ့ ပတ်သက်လို့တော့ PDF အဖွဲ့တွေက အလစ်မှာ လုပ်ကြံသွားတယ်လို့ပဲ ယူဆတယ်။ ဖြည့်စွက်ပြီး ပြောလိုတာကတော့ ကျွန်တော်တို့နဲ့ အိန္ဒိယနိုင်ငံက ကြာရှည်ရင်းနှီးတဲ့ အိမ်နီးချင်းနိုင်ငံတွေ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဘက်ရဲ့ စိုးရိမ်ပူပန်မှုကိုလည်း သိရှိနားလည်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီ သတ်ဖြတ်သွားတဲ့ တရားခံများကို အမြန်ဆုံး ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိပါတယ်။ အိန္ဒိယ - မြန်မာ နှစ်နိုင်ငံ နယ်စပ်ဒေသတည်ငြိမ်ရေးကို အလေးထား ဆောင်ရွက် လျက်ရှိတယ်။ ဒီကြားထဲမှာတော့ အိန္ဒိယ နဲ့ မြန်မာ နယ်စပ်မတည်မငြိမ်ဖြစ်လာမှာတွေ၊ အိန္ဒိယနဲ့ မြန်မာ ပဋိပက္ခဖြစ်ပေါ်စေရေးအတွက် အချို့သော မီဒီယာတွေ၊ လှုံ့ဆော်သူတွေ လှုံ့ဆော်နေတာ တွေ့ရပါတယ်။ ဒါတွေကို တမူး ဒေသခံတွေရော၊ ဟိုဘက် အိန္ဒိယနိုင်ငံ ဘက်မှာ ရှိသော ဒေသခံတွေက နားလည်ပြီးဖြစ်လို့ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို ခိုင်မြဲစွာ ဆောင်ရွက်နိုင်ဖို့အတွက် ကျွန်တော်တို့ လုံခြုံရေးတပ်ဖွဲ့ဝင်များနဲ့ ပူးပေါင်းဆောင်ရွက် သွားကြဖို့ မေတ္တာရပ်ခံလိုပါတယ်ဟု ရှင်းလင်းပြောဆိုထားသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment