ရမ်းဗြဲမြို့နယ်တွင် “လူမှုစီးပွားဘဝမြင့်မားစေရေး”ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမ်းဗြဲမြို့နယ်တွင် “လူမှုစီးပွားဘဝမြင့်မားစေရေး”ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ပြုလုပ်



MNP - ဇူလိုင်   ၃


၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့တွင် ကျရောက်သည့် နှစ်(၁၀၀)ပြည့် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ အထိမ်းအမှတ်အဖြစ် ရမ်းဗြဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သမဝါယမဦးစီးဌာနတို့ ပူးပေါင်း၍ “လူမှုစီးပွားဘဝမြင့်မားစေရေး”ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ကို လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမ၌ ယမန်နေ့ညနေ ၃ နာရီက ကျင်းပပြုလုပ် သည်။


ရှေ့ဦးစွာ ရမ်းဗြဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသိန်းထွန်းအောင် က “ပြည်သူလူထုများထံသို့ သတင်းအချက်အလက်များ ဖြန့်ဖြူးပေးနိုင်ရန်အတွက် အစိုးရနှင့်ပြည်သူကြား ပေါင်းကူးတံတားသဖွယ် ဆောင်ရွက်ပေးရခြင်း ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ အစိုးရ၏ လုပ်ဆောင်ချက်များကို ပြည်သူများသိရှိကြစေရန် ရည်ရွယ်၍ အသိပညာပေး Talk Show များအား စဉ်ဆက်မပြတ် စီစဉ်ဆောင်ရွက်ပေးရခြင်းဖြစ်ပါကြောင်း”စသည်ဖြင့် ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ “လူမှုစီးပွားဘဝ မြင့်မားစေရေး”ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ကို ကျင်းပပြုလုပ်ရာ အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ ဖြစ်ပေါ်လာပုံနှင့်ပတ်သက်၍ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ထွန်းဦး က“ အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ဇူလိုင်လ ပထမပတ် စနေနေ့တိုင်းကို ကျင်းပလာခဲ့ကြတာဖြစ်ပြီး ယခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ ရာပြည့်အထိမ်းအမှတ်လည်း ဖြစ်ပါတယ်၊ ၁၉၂၃ ခုနှစ်မှစတင်ကာ ကျင်းပလာခဲ့ကြတာ ယခုနှစ်ဆိုရင် နှစ်တစ်ရာ ပြည့်ခဲ့ပါပြီ၊ အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ်ကို ၁၈၉၅ ခုနှစ်၊ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တွင် နိုင်ငံပေါင်း(၁၃)နိုင်ငံမှ သမဝါယမအသင်း/အဖွဲ့များဖြင့် စတင်တည်ထောင်ဖွဲ့စည်းခဲ့ပြီးနောက် (၂၈)နှစ်အကြာ ၁၉၂၃ ခုနှစ်ရောက်မှ အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အဖြစ် ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်၊ အပြည်ပြည်ဆိုင်ရာသမဝါယမအဖွဲ့ချုပ်မှာ ယခုအခါ နိုင်ငံပေါင်း(၁၁၂)နိုင်ငံမှ သမဝါယမအသင်း/အဖွဲ့များနှင့် ဘဏ်၊ ငွေကြေးအဖွဲ့ (၃၁၈)ဖွဲ့တို့က အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိကြပါတယ်”ဟု မိတ်ဆက်ရှင်းလင်းပြောကြားသည်။


ထို့နောက် သမဝါယမအသင်းဥပဒေနှင့်ပတ်သက်၍ “မြန်မာနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာသမဝါယမအဖွဲ့ချုပ်၌ ၁၉၉၃ ခုနှစ်တွင် ဗဟိုသမဝါယမအသင်းက အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့ပြီး လူမှုစီးပွားဖွံ့ဖြိုးရေး စသောလှုပ်ရှားမှုများကို ပူးပေါင်းဆောင်ရွက်လာခဲ့ကြရာ မြန်မာနိုင်ငံတွင် သမဝါယမအသင်းဥပဒေကို ၁၉၀၄ ခုနှစ်မှ စတင်ပြဋ္ဌာန်းခဲ့ပြီး ခြောက်ကြိမ်ရှိခဲ့ပါကြောင်း၊ လက်ရှိတည်ဆဲဥပဒေမှာ ၁၉၉၂ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော သမဝါယမအသင်းဥပဒေဖြစ်ပါကြောင်း” စသည်ဖြင့် ၎င်းက ပြောကြားသည်။


ထို့ပြင် သမဝါယမအသင်းစု ဖွဲ့စည်းတည်ထောင်ပြီး ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ “သမဝါယမအသင်းစုအနေဖြင့် အသေးစားငွေစုငွေချေးလုပ်ငန်း (Micro Finance) ကို ငွေစုငွေချေးသမဝါယမအသင်း၊ ဈေးသမဝါယမအသင်းများအပြင် စိုက်ပျိုးရေးကို အခြေခံသော စိုက်ပျိုးထုတ်လုပ်ရေးအသင်း၊ လယ်ယာနှင့်အထွေထွေစီးပွားရေးလုပ်ငန်းအသင်းများလည်း ပါဝင်စေပြီး မြို့ပြအခြေခံလူတန်းစားနှင့် ကျေးလက်နေအခြေခံလူတန်းစား ကွာဟမှုလျော့ပါး လာစေရန်အတွက် အသေးစား ငွေစုငွေချေးလုပ်ငန်းကို ငွေချေးပေးရုံသာ မဟုတ်ဘဲ ငွေစုတဲ့အလေ့အကျင့် ဖြစ်ပေါ်လာစေရန် စုဆောင်းငွေများ စုဆောင်းစေခြင်း၊ ဝိုင်းကြီးချုပ်စနစ်ဖြင့် ချေးငွေထုတ်ပေးသည့်အတွက် အစုအဖွဲ့ စိတ်ဓာတ်မွေးမြူပေးနိုင်ခြင်း၊ ပြင်ပမှ အတိုးနှုန်းထား ကြီးမြင့်နေသည့်အချိန်တွင် သက်သာတဲ့ အတိုးနှုန်းထား ခံစားရခြင်း၊ အသင်းသား စုဆောင်းငွေများ စုဆောင်းသည့်အတွက် စုဆောင်းငွေအပေါ် အတိုးငွေများ ခံစားရခြင်း စသော အကျိုးကျေးဇူးများကို ရရှိစေပါကြောင်း၊ လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်ကပင် သမဝါယမလုပ်ငန်းများကို Actions Plan လုပ်ငန်းစဉ်(၈)ရပ်ချမှတ်လျက် အရှိန်အဟုန်မြင့် ဆောင်ရွက်လာခဲ့ကြရာ အသေးစား အရင်းအနှီး Micro Loan , Hire Purchase လို့ ခေါ်တဲ့ လယ်ယာသုံး၊ ရေလုပ်ငန်းသုံး စက်ကိရိယာများကိုလည်း အရစ်ကျငွေချေစနစ်ဖြင့် ရောင်းချပေးသည့်လုပ်ငန်း၊ လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းနိုင်ရေး လယ်ယာမြေအဆင့်မြှင့်တင်သည့် လုပ်ငန်း၊ လယ်ယာအထောက်အကူပြုဝန်ဆောင်မှု သမဝါယမအသင်းများပေါ် ပေါက်လာစေရေးလုပ်ငန်း၊ လယ်ယာကဏ္ဍအတွက် သွင်းအင်းစုများ ဖြန့်ဖြူးပံ့ပို့နိုင်ရေးလုပ်ငန်းနှင့် ကုန်ထုတ်၊ ကုန်သွယ်၊ ဝန်ဆောင်မှုကဏ္ဍများ အဆင့်မြှင့်တင်သည့်လုပ်ငန်းများဖြင့် အသင်းသားတောင်သူတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း”စသည်ဖြင့် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ က အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။


အဆိုပါ အသိပညာပေး Talk Show ဆောင်ရွက်မှုများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိကြစေရန် ရည်ရွယ်၍ ရမ်းဗြဲမြို့နယ်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့်  ပြည်သူ့ဝန်ဆောင်မှုအစီအစဉ်အဖြစ်  Online မှတဆင့် ထုတ်လွှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


သတင်း - မင်းသိန်းထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)