MNP ၊ ဩဂုတ် ၆
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့ အထွေထွေရောဂါကု တိုက်နယ်ဆေးရုံတွင် တက်ရောက်ကုသနေသော မအီမြို့နယ်၊ သဒွန်ကျေးရွာနေ ဦးမိုးလွင်၊ ဒေါ်ရီရီမြင့်တို့၏ သား ငှက်ဖျားလူနာ မောင်ဖြိုးလင်းထွန်း အသက်(၇) နှစ် အတွက် အရေးပေါ် လိုအပ်သော (အေဘီ)သွေး ၂ ပုလင်းကို မအီမြို့၊ မေတ္တာမွန် သွေးလှူရှင် အကျိုးဆောင်အဖွဲ့မှ ဦးခင်မောင်မြင့်နှင့် ဦးလင်းခင်တို့က ယနေ့နံနက်ပိုင်းက လှူဒါန်းခဲ့ကြကြောင်း သိရသည်။
အဆိုပါ ငှက်ဖျားလူနာကလေးငယ်အား အချိန်မီ ကုသနိုင်ရေးအတွက် သဒွန်ကျေးရွာအုပ်စု၊ ကျေးလက်ကျန်းမာရေးဌာနခွဲမှ ကျန်းမာရေးဆရာမ ဒေါ်မိုးမိုးနိုင်နှင့် ကျန်းမာရေးလုပ်သားများက သက်ဆိုင်ရာ မိသားစုများ၊ ပြည်သူများ၏ အကူအညီဖြင့် သုံးဘီးဆိုင်ကယ်ဖြင့်တစ်တန်၊ ကားဖြင့်တစ်သွယ် မအီမြို့၊ တိုက်နယ်ဆေးရုံသို့ အဆင့်ဆင့်သယ်ယူပို့ဆောင်ပေးခဲ့ကြသည်။ မအီတိုက်နယ်ဆေးရုံမှ တာဝန်ခံဆရာဝန် ဒေါက်တာမင်းနိုင်ကျော်၏ စမ်းသပ်စစ်ဆေးချက်များအရ လူနာမှာ သွေးအားနည်းနေကြောင်း၊ (အေဘီ)သွေးလိုအပ်ကြောင်း သိရှိရသဖြင့် မအီမြို့ရှိ မေတ္တာမွန် သွေးလှူရှင်အကျိုးဆောင်အဖွဲ့နှင့် ဆက်သွယ်၍ လူနာအတွက်လိုအပ်သောသွေးများကို ရရှိခဲ့ပြီး ကျန်းမာစွာ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
ဖော်ပြပါ သွေးအားနည်းလူနာကလေးငယ် " မောင်ဖြိုးလင်းထွန်း (၇)နှစ်မှာ ငှက်ဖျားမိ၍ ဖျားနာနေသည်မှာ မိမိဒေသ၌ ရက်/လ ကြာမြင့်နေပြီဖြစ်ပါကြောင်း၊ ၎င်း၏မိသားစုများက ကြုံရာဆေးမြီးတိုများဖြင့် ကုသနေရာ မကျန်းမာ၍ သဒွန်ကျေးရွာ၊ ကျေးလက်ကျန်းမာရေးဌာနခွဲသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း၊ ထိုသို့ ဖြစ်ရပ်များမှာ မိဘများက ကျန်းမာရေးဗဟုသုတ မပြည့်စုံခြင်း၊ သားသမီးအပေါ် ဂရုစိုက်မှု အားနည်းခြင်းများကြောင့် ကလေး၏ အသက်အန္တရာယ် စိုးရိမ်ရဖွယ်အထိ တွေ့ကြုံလာရခြင်းဖြစ်ပါကြောင်း၊ ဆေးရုံ/ဆေးခန်းနှင့် မနီးသည့် ဝေးလံခေါင်ဖျား ကျေးလက်ဒေသများတွင် အလားတူ ကျန်းမာရေးကိစ္စများ ဖြစ်ပေါ်လာပါက နီးစပ်ရာ ကျန်းမာရေးဌာန(သို့မဟုတ်) တတ်သိကျွမ်းကျင်သည့် ကျန်းမာရေးဝန်ထမ်းများနှင့် အချိန်မီ ကုသသင့်ပါကြောင်းတို့ကို ပြောချင်ပါတယ် " ဟု အဆိုပါ မေတ္တာမွန် သွေးလှူရှင်အကျိုးဆောင်အဖွဲ့ကို ဦးစီးဆောင်ရွက်သူ ကိုဖြိုးဝေလင်းက ပြောကြားခဲ့သည်။
မောင်မောင်ဌေး
https://t.me/MyanmarNationalPost



No comments:
Post a Comment