မနေ့က မိတ်ဆွေတစ်ယောက်က Reuter သတင်းတစ်ပုဒ်ကို အခြေခံပြီး မဖြစ်သင့်တဲ့ အခြေအနေတစ်ရပ်ကို ရှင်းပြတယ်။ Reuter သတင်းဖော်ပြချက်က ဒေါ်စုကို အမှုများ စီရင်ဆုံးဖြတ်ပြီးရင် နေအိမ်ပြန်နိုင်လိမ့်မယ်ဆိုတဲ့ ပုံစံမျိုး အာဏာသိမ်းခေါင်းဆောင်က ပြောပါတယ် ဆိုပြီး ရေးသားဖော်ပြထားချက်အပေါ်မှာ နစက အကြီးအကဲအနေနဲ့ တိုင်းပြည်နဲ့ လူမျိုးအပေါ်မှာ ရာဇဝတ်မှုပေါင်းများစွာ ကျူးလွန်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် အလွန်အမင်း ငဲ့ညှာတာတွေ လုပ်ဆောင်နေတဲ့အပေါ် စိုးရိမ်စိတ်နဲ့ သုံးသပ်ပြောဆိုခြင်းပဲ ဖြစ်ပါတယ်။
Reuter သတင်းအပေါ်မှာ အခြေခံပြီး တိုင်းပြည် နဲ့ လူမျိုးအပေါ်မှာ သစ္စာမရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ရပ်တွေကို သည်းမခံနိုင်တော့တဲ့ အမျိုးသားရေးကို အစဉ်တစိုက် လေ့လာနေသူတစ်ဦးက ဒေါ်အောင်ဆန်းစုကြည်အပေါ် နစက ခေါင်းဆောင်များအနေနဲ့ အလွန်အမင်း ငဲ့ညှာမှုတွေ၊ အထူးအခွင့်ရေးပေးမှုတွေ လုံးဝမဖြစ်သင့်ကြောင်း ပြောကြားလာခြင်းဖြစ်ပါတယ်။ မိတ်ဆွေရဲ့ သုံးသပ်ချက်က ဒီသတင်းဟာ တိုင်းသူပြည်သားတွေ ဆိတ်ဆိတ်နေတဲ့ လူထုအတွက် မကောင်းပါဘူး။ ယနေ့ သူမရဲ့ ကြီးလေးသော ရာဇဝတ်မှုတွေကို လုံးလုံးလျားလျား လျှော့ပေါ့ပေးပြီး နေအိမ်ပြန်ပို့မယ်ဆိုတာ မဖြစ်သင့်ပါဘူး။ သူမကြောင့် တိုင်းပြည် ဆင်းရဲတွင်းထဲရောက်ခဲ့ရတယ်။ အချိန်တွေ၊ ငွေတွေ ပြည်သူလူထုအတွက် များစွာ နစ်နာခဲ့ရတယ်လို့ သုံးသပ်ထားပါတယ်။
ဒါကတော့ ပုဂ္ဂိုလ်ရေးကို ရှေ့တန်းမတင်ဘဲ ပြည်သူလူထု နစ်နာဆုံးရှုံးခဲ့ရတဲ့ အခြေအနေအပေါ် ယနေ့ နိုင်ငံတော်တာဝန်ရှိသူတွေအနေနဲ့ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် အပေါ် အလွန်အမင်း ငဲ့ကွက်နေတာတွေ၊ ဥပဒေနဲ့အညီ လုပ်ဆောင်ဖို့ တွန့်ဆုတ်နေတာတွေဟာ ပြည်သူလူထုအတွက် ဆုံးရှုံးမှုကြီးမားတာကို မြင်နေတာဖြစ်တဲ့အတွက် တိကျတဲ့ အရေးယူဆောင်ရွက်မှုမျိုး လုပ်ဆောင်သင့်ကြောင်း သုံးသပ်ချက်ပဲ ဖြစ်ပါတယ်။
ဒါနဲ့ ဆက်စပ်ပြီး ရက်ပိုင်းအတွင်းက ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Noeleen Heyzer မြန်မာနိုင်ငံကို ရောက်ရှိလာပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဦးဝဏ္ဏမောင်လွင် တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ Ms. Noeleen Heyzer မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ အချိန် ကျွန်တော့် အိမ်ကိုလည်း အမျိုးသားရေးမိတ်ဆွေတစ်ဦး ရောက်ရှိနေပါတယ်။ ဒီကောင်မကို စတေကာကမ်ပိန်း လုပ်ပြီး ကန့်ကွက်ပစ်ရမှာလို့ သူက ပြောပါတယ်။ သူဘာပြောလဲ စောင့်ကြည့်ပြီးမှ လုပ်သင့်ပါတယ်လို့ ပြန်လည်ဆွေးနွေးခဲ့ပါတယ်။ ဘာမှ စောင့်ကြည့်နေစရာမလိုဘူး။ ဒုက္ခပေးဖို့လာတာ၊ လုပ်ပစ်ရမှာလို့ ပြောပါတယ်။ သူ့တွက်ကိန်းဟာ ကွက်တိမှန်တယ်လို့ ဆိုနိုင်ပါတယ်။
သဘောအားဖြင့်လည်း မြန်မာနိုင်ငံဆိုင်ရာ ကုလကိုယ်စားလှယ်တွေရဲ့ မြန်မာပြည်အပေါ် တစ်ဖတ်သတ် လုပ်ကြံဖန်တီးဝါဒဖြန့်မှုတွေကို ကျွန်တော်တို့ အစဉ်တစိုက် ရင်ဆိုင်ခဲ့ကြရပြီး ဖြစ်လို့ သူ့လိုအတွေးမျိုး ကျွန်တော့်မှာလည်း ရှိပါတယ်။
နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံစဉ်မှာတော့ Ms. Noeleen Heyzer က မြန်မာနိုင်ငံနှင့် နှစ်ပေါင်းများစွာရင်းနှီးခဲ့ဖူးသည့် မိတ်ဆွေတစ်ဦးအနေဖြင့် လာရောက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအတွက် မည်ကဲ့သိုသော အကြံဉာဏ် များပေးရမည်ကို ဖော်ဆောင်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ အရေးကိစ္စသည် ဘက်ပေါင်းစုံမှ ပါဝင်ဆောင်ရွက်ရမည့် အရေးကိစ္စဖြစ်၍ စိမ်ခေါ်မှု များစွာရှိပါကြောင်း၊ အဆိုပါစိန်ခေါ်မှုများကို ဖြေရှင်းဆောင်ရွက်နိုင်ရေး အတွက် မိမိအနေဖြင့် အချက် ၄ ချက်ဖြင့် ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ ပထမ အချက် အနေဖြင့် မိမိတို့အကြား ဆက်သွယ်ဆောင်ရွက်နေမည့် တွေ့ဆုံဆွေးနွေးမှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်လိုပါကြောင်း၊ မြန်မာနိုင်ငံအစိုးရအနေဖြင့် ဦးတည်ချက် ၉ ရပ်ချမှတ်ဆောင်ရွက်လျက်ရှိသည်ကို မိမိအနေဖြင့် သိရှိထားပါကြောင်း၊ မိမိအနေဖြင့် ဒုတိယအချက်အဖြစ် လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ ကိစ္စများကိုလည်း ဆွေးနွေးလိုပါသည်။ နိုင်ငံရေးဦး တည်ချက် ၃ ရပ်၏ နောက်ဆုံး အချက်မှာ မြန်မာနိုင်ငံနေဖြင့် “လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သည့် နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးပြီး နိုင်ငံများအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး “မူ”ကို လိုက်နာကျင့်သုံးရေး”ဟူ၍ ဖော်ပြထားသည်ကို တွေ့ရှိရပါကြောင်း၊ အဆိုပါအချက်မှာ မိမိတို့လိုလား သည့်အချက်ဖြစ်ပြီး မိမိတို့ အနေဖြင့် အခြားနိုင်ငံများနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးဟူသောမူဝါဒကို လက်ခံယုံကြည်ထားကြောင်း၊ မိမိအနေဖြင့်လည်း ယင်း ကိစ္စနှင့်ပတ်သက်၍ အကောင်အထည်ဖော်ကူညီဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Mr. Antonio Guterres သည် ကုလ သမဂ္ဂ ပဋိညာဉ်ကို ကာကွယ်စောင့်ရှောက်နေသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါသည်။ ကုလ သမဂ္ဂ ပဋိညာဉ်တွင် နိုင်ငံအားလုံး၏ အချုပ်အခြာအာဏာပိုင်ဆိုင်ခွင့်နှင့် ပတ်သက်၍ တိကျစွာပြဋ္ဌာန်း ထားပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုအား အမြဲတမ်းဖော်ပြလျက်ရှိသည်ကို မိမိအနေ ဖြင့် သတိပြုမိပါကြောင်း၊ ကမ္ဘာပေါ်တွင် နောက်ထပ်ဖြစ်ပေါ်လာမည့် ပဋိပက္ခဖြစ်ပွားမှုများနှင့် အကြမ်းဖက်မှု များကို တားဆီးနိုင်ရန်ရည်ရွယ်၍ ကုလသမဂ္ဂအဖွဲ့ အစည်းကိုဖွဲ့စည်းခဲ့ခြင်းဖြစ်ပါကြောင်း၊ အဓိကအရေးကြီးဆုံးအချက်မှာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးပင်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံဘက်က အမြဲတမ်းထုတ်ဖော် ပြောကြားလျက်ရှိသည့် အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုဟူသောအချက်နှင့် ပတ်သက်၍လည်း ကုလသမဂ္ဂအနေဖြင့် နိုင်ငံများ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို အမြဲတမ်းအသိအမှတ်ပြု လေးစား လျက်ရှိပါကြောင်း မိတ်ဆက်ပြောကြားသွားခဲ့ပါတယ်။
ပြောရရင်တော့ မျက်နှာချင်းဆိုင် တွေ့ဆုံစဉ်မှာ ကောင်းပင်ကောင်းရဲ့ နဲ့ နောက်ကွယ်ရောက်တဲ့ အပြုသဘောမဆန်တဲ့ ထုတ်ပြန်ချက်တွေ ထုတ်ပြန်စော်ကားလာခြင်းပဲ ဖြစ်ပါတယ်။
နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ ရှင်းလင်းပြောကြားချက်များထဲမှာ "မြန်မာနိုင်ငံနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေကို ပြောကြားလိုပါကြောင်း၊ မြန်မာနိုင်ငံကို ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်၌ လျှောက်လှမ်းနိုင်ရေးအတွက် မြန်မာ့တပ်မတော်က လုပ်ဆောင်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ အခြေခံဥပဒေအား မြန်မာ့တပ်မတော်က ရေးဆွဲပေးခဲ့ခြင်းမဟုတ်ဘဲ နိုင်ငံရေး လောကတွင် ထင်ပေါ်ကျော်ကြားသူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ တောင်သူလယ် သမားများ၊ အလုပ်သမားများ စသည့်အလွှာပေါင်း ၈ လွှာမှ ပုဂ္ဂိုလ်ပေါင်း ၁,၀၀၀ ကျော်က ပါဝင်ရေးဆွဲပေးခဲ့ခြင်းဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်၌ လျှောက်လှမ်းလျက်ရှိသည့် မြန်မာနိုင်ငံတွင် လက်နက်ကိုင်အဖွဲ့ များစွာရှိနေပါကြောင်း၊ သို့ရာတွင်တပ်မတော်အနေဖြင့် အဆိုပါ လက်နက်ကိုင်အဖွဲ့များနှင့် ၎င်းတို့ နှင့် ပတ်သက်သည့် ပဋိပက္ခများကို ချုပ်ငြိမ်းအောင် ငြိမ်းချမ်းရေး လမ်းကြောင်း ပေါ်သို့ ခေါ်ဆောင်ဖြေရှင်းဆောင်ရွက်နေသည့် အခြေအနေကိုမူ အချို့နိုင်ငံများက သိရှိခြင်းမရှိကြကြောင်း၊ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ လျှောက်လှမ်းသည့်အချိန်၌ နိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခများ ပပျောက်အောင် ဆောင်ရွက် ရမည်ဟူ သောအချက်ကို တပ်မတော်အနေဖြင့် သိရှိသည့်အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအားလုံးကို ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်သို့ လျှောက်လှမ်း လာစေရန်နှင့် ၎င်းတို့ကို တပ်မတော်၏အစိတ်အပိုင်းဖြစ်သော တရားဝင် လက်နက်ကိုင်အဖွဲ့အဖြစ် ဖွဲ့စည်းပေးရန် ဆွေးနွေးမှုများပြုလုပ်ခဲ့ပါကြောင်း၊ KNU ၊ KNPP ၊ KIA အဖွဲ့များသည် ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်သို့ လိုက်ပါလျှောက်လှမ်း လာခြင်းမရှိဘဲ လက်နက်ကိုင်လမ်းစဉ်အတိုင်းသာ ဆက်လက်လျှောက်လှမ်းခဲ့ကြပါကြောင်း၊ လက်ရှိအချိန်တွင် မြန်မာ့တပ်မတော်အတွင်း၌ တပ်မတော်ကဲ့သို့ အသွင် ပြောင်း၍ တာဝန်ထမ်းဆောင်သည့် ယခင် EAO အဖွဲ့များ တပ်ရင်း ၂၀ ကျော်ရှိပါ ကြောင်း၊ ၎င်းတို့အနေဖြင့် မြန်မာ့တပ်မတော်နှင့်အတူ လက်တွဲဆောင်ရွက်ကာ တရားဝင် လက်နက်ကိုင်အဖွဲ့များအဖြစ် တည်ရှိနေကြပါကြောင်း၊ အဆိုပါ အခြေအနေ နှင့် ပတ်သက်၍ မည်သူကမျှပြောကြားခဲ့ခြင်းမရှိကြောင်း၊ မြန်မာနိုင်ငံ၌ ၂၀၁၀ ပြည့်နှစ်၊ ၂၀၁၅ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်တို့တွင် အထွေထွေရွေးကောက်ပွဲ ၃ ကြိမ် ကျင်းပခဲ့ကြောင်း၊ ၂၀၁၀ ပြည့်နှစ်တွင် ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲ၌ မြန်မာနိုင်ငံ ရှိ မြို့နယ်ပေါင်း ၃၃၀ အနက် ၃၂၅ မြို့နယ်တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ကျင်းပပြုလုပ်သည့် အထွေထွေရွေးကောက်ပွဲ၌ ၃၂၃ မြို့နယ်နှင့် ၂၀၂၀ ပြည့်နှစ်တွင်ကျင်းပသည့် တတိယအကြိမ် အထွေထွေ ရွေးကောက်ပွဲ၌ ၃၁၅ မြို့နယ်တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ကြောင်း၊ အထွေထွေရွေးကောက်ပွဲပြုလုပ် နိုင်သည့်နယ်မြေများ တဖြည်းဖြည်း ကျဆင်းလာ သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ အမှန်စင်စစ်တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်သည့်နယ်မြေအရေအတွက် မြင့်တက်လာရမည်ဖြစ်သော်လည်း အထွေထွေ ရွေးကောက်ပွဲကျင်းပနိုင်သည့် နယ်မြေအရေအတွက် လျော့နည်းလာရခြင်းမှာ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုမရှိဘဲ လက်နက်ကိုင်ပဋိပက္ခများနှင့် ခြိမ်းခြောက်မှုများ ဖြစ်ပွားနေသည့်အတွက်ကြောင့် ဖြစ်ပါကြောင်း၊ ဒီမိုကရေစီစနစ်တွင် အထွေထွေ ရွေးကောက်ပွဲကျင်းပနိုင်ရေးမှာ လွန်စွာအရေးကြီးသည့် အချက်တစ်ချက်ဖြစ်ကြောင်း၊ မဲပေးခွင့်ဆုံးရှုံးမှုများ ဖြစ်ပေါ်နေခြင်းသည် ဒီမိုကရေစီစနစ်အတွက် ကောင်းမွန်မှုမရှိသည့် လက္ခဏာတစ်ရပ်ဖြစ်ကြောင်း၊ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတစ်ဦးတစ်ယောက် မကျန် ဆန္ဒမဲပေးနိုင်ရေးသည် နိုင်ငံတစ်နိုင်ငံ၏ အစိုးရ၊ သို့မဟုတ် တိုင်းပြည်တာဝန်ယူထားသည့် အဖွဲ့အစည်း တို့၏ တာဝန်သာဖြစ်ပါကြောင်း၊ ထို့ကြောင့် တိုင်းပြည်၌ နိုင်ငံရေးတည်ငြိမ်အေးချမ်းမှု ရှိစေရေးကို ဦးစားပေး (၁) အဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားလိုက်ပါတယ်။
နောက်တစ်ချက်အနေနဲ့ နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ ရှင်းလင်းပြောကြားချက်မှာ တိုင်းပြည်၌ နိုင်ငံရေးအခြေအနေတည်ငြိမ်အေးချမ်းမှုရှိစေရေး ဆောင်ရွက်သည့် အချိန်တွင် ဒီမိုကရေစီအရ ဆောင်ရွက်ရမည့်လမ်းစဉ်များကို ဒီမိုကရေစီအရ ဆောင်ရွက်ခြင်း မရှိဘဲ အကြမ်းဖက်လမ်းစဉ်များကို ရွေးချယ်၍ လုပ်ဆောင်ခဲ့သည့် ဖြစ်စဉ်များသည် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်ပြီးသည့် အချိန်တွင် ပေါ်ပေါက်ခဲ့ပါကြောင်း၊ အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်ခဲ့သည့် အတွက် မြန်မာ နိုင်ငံ၌တည်ငြိမ်မှုမရှိသည့်အခြေအနေမျိုး ဖြစ်ပွားခဲ့ပါကြောင်း၊ ဒီမိုကရေစီလမ်းကြောင်း အတိုင်း ဥပဒေအရဖြေရှင်းဆောင်ရွက်မည် ဆိုလျှင် ယခုကဲ့သို့ပြဿနာများ ဖြစ်ပေါ် လာမည်မဟုတ်ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဖြစ်ပွားလျက်ရှိသည့် ပြဿနာများ ကြောင့်လည်းကောင်း၊ အထွေထွေရွေးကောက်ပွဲ ကိစ္စရပ်နှင့်စပ်လျဉ်း ၍ ဖြစ်ပေါ်လာသော ငြင်းဆိုမှု(Decline)ပြုလုပ်သည့်ကိစ္စရပ်များကြောင့် လည်းကောင်း သက်ရောက်မှုရှိနေခြင်းကို စဉ်းစားသုံးသပ်ရန် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံ၌ အကြမ်းဖက်လုပ်ဆောင်လျက်ရှိသည့်ကိစ္စများ ဖြစ်ပေါ်နေသည့်ကာလ များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များတည်ရှိသည့် ကာလများတွင် အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် အခက်အခဲများ ဖြစ်ပေါ်လျက် ရှိကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာနိုင်ငံ၌ ဖြစ်ပွားလျက်ရှိသည့် အကြမ်းဖက်မှုများ၊ တိုက်ခိုက်မှုများကို ရပ်တန့်ပေးရန် ပြောကြားခဲ့ပါကြောင်း၊ အကြမ်းဖက်မှုကိစ္စနှင့်ပတ်သက်၍ ပြောကြားရမည်ဆိုလျှင် အကြမ်းဖက်မှုများကို မိမိတို့က ဆောင်ရွက်နေခြင်းမဟုတ်ကြောင်း၊ အစိုးရနှင့် နိုင်ငံ့ဝန်ထမ်းများကို အကြမ်းဖက် သမားများက လာရောက်တိုက်ခိုက်၍သာ မိမိတို့အနေဖြင့် ပြန်လည်ခုခံရခြင်းဖြစ်ပါကြောင်း၊ အနီးဆုံးဖြစ်စဉ်အနေဖြင့် ယနေ့ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၏အနောက်ဘက် စစ်ကိုင်းတိုင်းဒေသကြီးရှိ တံတား ပေါ်၌ ကားတစ်စီးပေါ်ရှိ ခရီးသည်များအား အကြမ်းဖက်သမားများက ဓားစာခံ လုပ်၍ ပစ်ခတ်မှုများပြုလုပ်ခဲ့ရာ ခရီးသည်များနှင့် အဆိုပါအကြမ်းဖက်သမားများ သေဆုံးမှုဖြစ်ပွားခဲ့ပါကြောင်း၊ ပညာရေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများကို သတ်ဖြတ်ခြင်း၊ သံဃာတော်များကို သတ်ဖြတ်ခြင်း စသည့်အကြမ်းဖက်မှုများ ကိုလည်း ပြုလုပ်ခဲ့ကြောင်း၊ အဆိုပါအကြမ်းဖက်မှုများသည် အထွေထွေ ရွေးကောက်ပွဲမှတစ်ဆင့် ဖြစ်ပေါ်လာသည့် ကိစ္စများဖြစ်ပါကြောင်း၊ သို့ရာတွင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အဆိုပါ အကြမ်းဖက်မှုကိစ္စများကို ပြောကြား ခြင်းမရှိဘဲ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အုပ်ချုပ်မှုကို ဒီမိုကရေစီနည်းလမ်းကျစွာ ဆောင်ရွက်ခြင်းမရှိဟူ၍ ပြောကြားလျက် ရှိပါကြောင်း၊ ကုလသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံ၌ ဖြစ်ပွားလျက်ရှိသည့် ကိစ္စများနှင့် ပတ်သက်၍ အခြေအနေအမှန်ကို သုံးသပ်စေလိုကြောင်း ပြောကြားခဲ့တာကို ထုတ်ပြန်ထားပါတယ်။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Noeleen Heyzer ရဲ့ မိတ်ဆက်စကားမှာ "ကမ္ဘာပေါ်တွင် နောက်ထပ်ဖြစ်ပေါ်လာမည့် ပဋိပက္ခဖြစ်ပွားမှုများနှင့် အကြမ်းဖက်မှု များကို တားဆီးနိုင်ရန်ရည်ရွယ်၍ ကုလသမဂ္ဂအဖွဲ့ အစည်းကိုဖွဲ့စည်းခဲ့ခြင်းဖြစ်ပါကြောင်း" ပြောကြားချက်ဟာ ကုလသမဂ္ဂရဲ့ မူဝါဒဖြစ်ပေမယ့် ကုလသမဂ္ဂမှာ တာဝန်ထမ်းဆောင်နေသူတွေရဲ့ လုပ်ဆောင်ချက်ကတော့ ရှေ့တင်တမျိုး၊ ကွယ်ရာတမျိုး လုပ်ခြင်းက ပဋိပက္ခမှုများနှင့် အကြမ်းဖက်မှုများ ပိုမိုဖြစ်ပေါ်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်းပဲ ဖြစ်ပါတယ်။
Reuter သတင်းဌာနက ကောက်နှုတ်ရေးသားထားတဲ့ သတင်းကတော့ နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ Ms. Noeleen Heyzar တွေ့ဆုံမှုကို ကောက်နှုတ်ပြီး ရေးသားထားတဲ့အချက် ဖြစ်ပါတယ်။
Ms. Noeleen Heyzar က နောက်ဆုံးအချက်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို တရားဝင်ပြစ်ဒဏ် များ ချမှတ်ခြင်းမပြုလုပ်မီ ၎င်း၏နေအိမ်သို့ ပြန်လည်ပို့ဆောင်နိုင်ရေး ကိစ္စဖြစ်ပါကြောင်း၊ မိမိအား ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခွင့်ပြုရန် တောင်းဆိုလို ပါကြောင်း၊ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ကိစ္စရပ်များနှင့်ပတ်သက်၍ သဘောထား ကွဲလွဲနေသူများအကြား ညှိနှိုင်းဆောင်ရွက်ပေးနိုင်မည့် ပုဂ္ဂိုလ်တစ်ဦးအဖြစ် ရှုမြင်ထားပါကြောင်း ဖြင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ အရေးဆိုလာခြင်းဖြစ်ပါတယ်။
Ms. Noeleen Hayzar ရဲ့ တောင်ဆိုချက်အပေါ်မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၎င်း၏မိခင်နှင့်အတူ ၁၉၆၀ ပြည့်နှစ်တွင် နိုင်ငံခြားသို့ ထွက်ခွာသွားပြီး မြန်မာနိုင်ငံသို့ ပြန်လည်နေထိုင်ခြင်းမရှိဘဲ မိခင်ဖြစ်သူ ၏ ကျန်းမာရေးအခြေအနေကြောင့်သာ ၁၉၈၈ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာပြီး မြန်မာနိုင်ငံ၏ နိုင်ငံရေးကိစ္စများတွင် ပါဝင်ဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း၊ မိမိအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့်ကြိမ်ဖန်များစွာ တွေ့ဆုံခဲ့ဖူးကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင် နောက်ဆုံး အကြိမ်တွေ့ခဲ့ပါကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ကို ဥပဒေကြောင်းအရ မဲစာရင်းမှားယွင်းမှုများကို ဖြေရှင်းဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ပါကြောင်း၊ မိမိတို့ဘက်က ယင်းကဲ့သို့ တောင်းဆိုမှုများပြုလုပ်ခဲ့သော်လည်း ဥပဒေကြောင်းအရ ဖြေရှင်းဆောင်ရွက်ခြင်းမရှိသည့်အပြင် ဥပဒေနှင့်မလျော်ညီသည့် လုပ်ဆောင်ချက်များ ဆောင်ရွက်ခဲ့သည့်အတွက် ဒေါ်အောင်ဆန်းစုကြည် အပေါ် အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ယင်းကိစ္စရပ်အား ဥပဒေကြောင်းအရ ဖြေရှင်း ဆောင်ရွက်ခဲ့မည်ဆိုလျှင် လက်ရှိဖြစ်ပေါ် နေသည့်ကိစ္စများ လုံးဝဖြစ်လာမည် မဟုတ်ကြောင်း၊ ၎င်းတို့အနေဖြင့် ယင်းကိစ္စရပ်အား ဥပဒေကြောင်းအရ ဖြေရှင်း ဆောင်ရွက်မှု မပြုနိုင်သည့် အကြောင်းအရင်းများစွာ ရှိကြောင်း၊ ယင်းကိစ္စရပ်အား မိမိတို့အနေဖြင့် ၎င်းအား ဥပဒေနှင့် အညီသာ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ၎င်းအပေါ်ဥပဒေအရ တရားစီရင်မှုကိစ္စများ ပြီးဆုံးပြီးနောက် မိမိတို့၏လုပ်ဆောင် ချက်အပေါ် တုံ့ပြန်လာမှုများကိုမူတည်၍ ၎င်းအပေါ် စဉ်းစားဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ မိမိအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် ယခုထက်ပိုမိုအရေးယူ ဆောင်ရွက်မှုများပြုလုပ်နိုင်သော်လည်း သက်ညှာသောအားဖြင့် မပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ သို့ရာတွင် ဒီမိုကရေစီနှင့် ဒီမိုကရေစီကိုဆန့်ကျင်သည့်အရာကို ဦးစားပေးနှိုင်း ယှဉ်လာလျှင် မိမိအနေဖြင့် ဒီမိုကရေစီကိုဦးစားပေး၍ ဆောင်ရွက် မည်ဖြစ်သောကြောင့် လုပ်ဆောင်သင့်လုပ်ဆောင်ထိုက်သည်များ လုပ်ဆောင်ပြီး လျှင် မိမိအနေဖြင့် ၎င်းအပေါ် စဉ်းစားဆုံးဖြတ်သွားမည်ဖြစ်ကြောင်း၊ တရားစွဲဆိုခြင်း ကိစ္စရပ်အား ဥပမာအနေဖြင့် ပြောကြားရမည်ဆိုလျှင် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဟောင်း Mr. Najib Razak ကို တရားရုံးမှ ဆုံးဖြတ်ချက် ချမှတ်ခဲ့ကြောင်း၊ တောင်ကိုရီးယား နိုင်ငံသမ္မတဟောင်း Ms. Park Geun-hye ကိုလည်း ဥပဒေအရလုပ်ဆောင်ခဲ့ကြောင်း၊ ၎င်းတို့သည် နိုင်ငံရေးသမားများဖြစ်သည့်အပြင် ဥပဒေကိုနားလည်သဘောပေါက်၍ လိုက်နာရသည့် သူများဖြစ်သောကြောင့် ဥပဒေအရ ရင်ဆိုင်၍ ပြန်လည်ဖြေရှင်းရန် တာဝန်ရှိပါကြောင်း၊ အလားတူ မိမိတို့ အနေဖြင့်လည်း ဥပဒေအရ လုပ်ဆောင်ခဲ့ခြင်းပင်ဖြစ်ပါသည်။ သို့ဖြစ်၍ မိမိတို့ အနေဖြင့် အဆိုပါကိစ္စများကို ဥပဒေအရ စဉ်းစားဆောင်ရွက်၍ လုပ်ဆောင်သွား မည်ဖြစ်ကြောင်း၊ ယခုအချိန်တွင် မည်ကဲ့သို့ ဆက်လက်လုပ်ဆောင်သွားမည်ကို ပြောရန် အချိန်စောလွန်းသေးပါကြောင်း၊ မိမိတို့အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် အပေါ် အထူးအခွင့်အရေးပေး၍ နေအိမ်ကဲ့သို့ ထားရှိကာ ဆောင်ရွက်ပေး ထားပါကြောင်း၊ အဆွေတော်ပြသသည့် The Charter Of The United Nations စာအုပ်သည် မိမိထံတွင်လည်းရှိပြီး စိတ်ဝင်စားမှုရှိပါကြောင်း၊ သို့ရာတွင် UN Charter ဆိုသည်မှာ စာရွက်ပေါ်တွင်သာ ရှိရမည်မဟုတ်ဘဲ အမှန်တကယ် လိုက်နာ ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့တဲ့ မှတ်တမ်းကို တွေ့ရပါတယ်။
ဒီတွေ့ဆုံမှုအပြီးမှာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Noeleen Hayzar ရဲ့ အပြုသဘောမဆန်တဲ့ ထုတ်ပြန်ချက် ထွက်လာတဲ့အချိန်မှာ တွေ့ဆုံမှု မှတ်တမ်းအပြည့်အစုံကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်ခြင်းကြောင့် ကျွန်တော်တို့အနေနဲ့ သိရှိခွင့် ရခြင်းဖြစ်ပါတယ်။ Ms. Noeleen Hayzar ဘက်ကသာ မဟုတ်မမှန် လုပ်ကြံဖန်တီးပြီး ထုတ်ပြန်မှုမပြုခဲ့ဘူးဆိုရင် တွေ့ဆုံမှုမှတ်တမ်းကို သတင်းထုတ်ပြန်ရေးအဖွဲ့ကလည်း ထုတ်ပြန်ဖို့ မရှိပါဘူး။
သို့သော် မည်သို့ပင် အမှန်တရားကို ချပြနေစေကာမူ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂကိုယ်စားလှယ်များသည် အစဉ်အဆက် ရှက်ကြောပြတ်နေသူများ ဖြစ်သည့်အတွက် ရှေ့တင်တစ်မျိုး ကွယ်ရာတစ်မျိုး ပုဂ္ဂိုလ်ရေးရှေ့တန်းတင်ပြီး မြန်မာနိုင်ငံကို အတိဒုက္ခရောက်အောင် ဖန်တီးနေကြမှာပဲ ဖြစ်ပါတယ်။ သူတို့တွေ့ဆုံဆွေးနွေးလိုတဲ့ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်နဲ့ လူမျိုးအကျိုးကို မကြည့်တဲ့ တိုင်းပြည်နဲ့ လူမျိုးကို ခုတုန်းလုပ်ပြီး ပုဂ္ဂိုလ်ရေးတည်ဆောက်လိုသူ ဖြစ်ပါတယ်။ ဒါကို တပ်မတော်အကြီးအကဲတွေလည်း ရိပ်စားမိကြပါတယ်။ တိုင်းပြည်အပေါ် ဘယ်လောက်အထိ ယုတ်မာကောက်ကျစ်ခဲ့တယ်ဆိုတာကို အမျိုးသားရေးကိုဘယ်တော့မှ သစ္စာမဖောက်ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ တိုင်းပြည် တာဝန်များကို ထမ်းဆောင်နေကြတဲ့ တပ်မတော်အကြီးအကဲများက သာမာန်ပြည်သူများထက် ပိုပြီး သိနေကြတယ်ဆိုတဲ့ အချက်ကလည်း ငြင်းဆန်လို့ မရပါဘူး။
လွတ်လပ်ရေး ရပြီးစအချိန်မှာ အရှေ့တောင်အာရှမှာ ဖွံ့ဖြိုးတိုးတက်နိုင်ခြေအနေ အမြင့်ဆုံးအဆင့်ရှိခဲ့တဲ့ တိုင်းပြည်ဟာ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး ဒေါ်အောင်ဆန်းစုကြည် က မိမိနိုင်ငံအပေါ် နိုင်ငံတကာက ပိတ်စို့အရေးယူမှုတွေ လုပ်ဆောင်ဖို့ လှုံ့ဆော်ခဲ့တယ်။ တပ်မတော်ကို တည်ထောင်ခဲ့ပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်စေချင်တဲ့ ဗိုလ်ချုပ်ရဲ့ သမီးက တိုင်းပြည် ဆင်းရဲမွဲတေအောင် လုပ်ခဲ့တဲ့ လုပ်ရပ်အပေါ်မှာ တပ်မတော်ခေါင်းဆောင် အဆက်ဆက်က စိတ်ရှည်း သည်းခံ ခွင့်လွှတ်မှုတွေနဲ့ တိုင်းပြည်နာသည်ထက် နာအောင်၊ မွဲသည်ထက် မွဲအောင် ငဲ့ညှာထောက်ထားခဲ့ကြပါတယ်။ ယနေ့အချိန်မှာဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို အကြောင်းပြုပြီး နိုင်ငံရေးပဋိပက္ခတွေ ဖြစ်ပေါ်အောင် သွေးထိုးလှုံ့ဆော်မှုတွေ လုပ်ဆောင်နေကြသလို ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူတွေဟာလည်း ကိုယ့်ရွာသူရွာသားအချင်းချင်း လုပ်ကြံသတ်ဖြတ်ခြင်း၊ သံဃာတော်များကို လုပ်ကြံသတ်ဖြတ်ခြင်း၊ ဆရာ/ဆရာမများကို လုပ်ကြံသတ်ဖြတ်ခြင်းများဖြင့် တိုင်းပြည်မှာ ဆူပူအကြမ်းဖက်မှုတွေ၊ လုပ်ကြံသတ်ဖြတ်မှုတွေနဲ့ အရုပ်ဆိုး အကျည်းတန်လွန်းတဲ့ အခြေအနေကို ရင်ဆိုင်ဖြတ်သန်းနေကြရပါတယ်။
နိုင်ငံတော်ဝန်ကြီးချုပ် က ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ကိုယ်စားလှယ်ကို ပြောကြားလိုက်တဲ့ စကားတွေထဲမှာလည်း မိမိတို့အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် အပေါ် အထူးအခွင့်အရေးပေး၍ နေအိမ်ကဲ့သို့ ထားရှိကာ ဆောင်ရွက်ပေး ထားပါကြောင်း ပြောကြားချက်ကို ထောက်ရှုခြင်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည် ဟာ ယနေ့အချိန်အထိ အခွင့်ထူးခံ အထူးအခွင့်အရေးရနေသူဖြစ်ပါတယ်။ နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ ပြောကြားချက်မှာ "ဒီမိုကရေစီနှင့် ဒီမိုကရေစီကိုဆန့်ကျင်သည့်အရာကို ဦးစားပေးနှိုင်း ယှဉ်လာလျှင် မိမိအနေဖြင့် ဒီမိုကရေစီကိုဦးစားပေး၍ ဆောင်ရွက် မည်ဖြစ်သောကြောင့် လုပ်ဆောင်သင့်လုပ်ဆောင်ထိုက်သည်များ လုပ်ဆောင်ပြီးလျှင် မိမိအနေဖြင့် ၎င်းအပေါ် စဉ်းစားဆုံးဖြတ်သွားမည်ဖြစ်ကြောင်း" ပြောကြားထားတာကို အားရဖွယ်အဖြစ် မြင်တွေ့နိုင်ပါတယ်။ သို့ပေသော် အမိန့်ချပြီးတာနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် လွတ်ငြိမ်းချမ်းသာခွင့် ပြုခဲ့တဲ့ လုပ်ရပ်တွေအပေါ်မှာ နိုင်ငံတော်ဝန်ကြီးချုပ်ကိုလည်း ဝေဖန် ပြစ်တင် ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။
၁၉၈၈ မှ ယနေ့အချိန်အထိ တိုင်းပြည် ခြွတ်ခြုံကျ ဆင်းရဲမွဲတေခဲ့ရတဲ့ အခြေအနေကို ပြည်ပလက်ကိုင်တုတ် နိုင်ငံရေးသမားများနှင့် သတင်းမီဒီယာများက တပ်မတော်ကိုပဲ ပြစ်တင်ပုံချ ပြောဆိုကြပါလိမ့်မယ်။ အကြောင်းနဲ့ အကျိုးကို ဆက်စပ်စဉ်းစားသူတွေကတော့ နိုင်ငံတကာကနေ မြန်မာပြည်အပေါ် အရေးယူပိတ်စို့မှုတွေ လုပ်ဖို့ လှုံ့ဆော်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပယောဂတွေကြောင့်လို့ သုံးသပ်ပြောဆိုကြပါတယ်။ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၊ အနောက်အုပ်စုရဲ့ သဘောထားနဲ့ ပတ်သက်လို့လည်း ကျွန်တော်တို့ တိုင်းပြည်အနေနဲ့ သင်ခန်းစာများစွာ ရခဲ့ပြီး ဖြစ်လို့ အနောက်အုပ်စုကို အရေးတယူလုပ်ပြီး ဆက်ဆံနေခြင်းထက် အိမ်နီးချင်းနိုင်ငံများ၊ မိတ်ဖက်နိုင်ငံများနဲ့ ဆက်ဆံရေးကို တည်တံ့ခိုင်မြဲသည်ထက် ပိုမိုတည်တံ့ခိုင်မြဲအောင်၊ ရင်းနှီးချစ်ကြည်မှု ပိုမိုရရှိအောင် လုပ်ဆောင်သင့်ပါတယ်။ ယနေ့တိုင်းပြည်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်ထောက်ခံသူတွေရဲ့ ဆူပူအကြမ်းဖက်မှုတွေ၊ လုပ်ကြံသတ်ဖြတ်မှုတွေ နဲ့အတူ တောမီးလောင် တောကြောင် လက်ခမောင်းခတ် ကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင်ပြီး လုပ်ဆောင်နေတဲ့ ဝိသမလောဘသားတွေရဲ့ လုပ်ရပ်တွေဟာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ဥပဒေစိုးမိုးရေး မူဝါဒတွေကို ချိုးဖောက်နေခြင်းပဲ ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေသည်အထိ ဖြစ်ပေါ်လာတဲ့ ဥပဒေမဲ့ လုပ်ရပ်တွေကို နစက အကြီးအကဲများအနေနဲ့ မျက်ကွယ်ပြုမထားသင့်ပါဘူး။ ဥပဒေစိုးမိုးရေး နဲ့ တည်ငြိမ်အေးချမ်းရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ မူဝါဒများကို ချိုးဖောက်နေတဲ့ လုပ်ငန်းဖော်ဆောင်သူများရဲ့ ဥပဒေလက်တစ်လုံးခြား လုပ်ရပ်တွေကိုလည်း အမြန်ဆုံး ပြတ်သားစွာ ဆောင်ရွက်သင့်ပါကြောင်း ။
နောင်တော်လေး (ဘိုကလေး)
https://t.me/MyanmarNationalPost

No comments:
Post a Comment