MNP ၊ ဩဂုတ် ၂၇
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဖလားခရိုင်ပေါင်းစုံ စားပွဲတင်တင်းနစ်နှင့် စစ်တုရင်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဩဂုတ်လ ၂၆ ရက်နေ့ညနေပိုင်းက စစ်တွေမြို့၊ ဓညဝတီအားကစားခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ဝါဝါထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စားပွဲတင်တင်းနစ်အမျိုးသား တစ်ဦးချင်းပြိုင်ပွဲအဖြစ် စစ်တွေခရိုင်မှ မောင်မိုးထက်သန်းနှင့် သံတွဲခရိုင်မှ မောင်ဇော်မျိုးထက်တို့ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးကြရာ သံတွဲခရိုင်မှ မောင်ဇော်မျိုးထက်က အနိုင်ရရှိသွားသည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲကို ကျင်းပရာ စစ်တုရင်သက်ငယ်တန်းပြိုင်ပွဲတွင် ဆုရရှိသူများအား ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများကလည်းကောင်း၊ စစ်တုရင်သက်ကြီးတန်း အမျိုးသမီးပြိုင်ပွဲ တွင်ဆုရရှိသူများအား ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများကလည်း ကောင်း ဆုများပေးအပ်ချီးမြှင့်ကြသည်။ ထို့နောက် စစ်တုရင်သက်ကြီးတန်း အမျိုးသားပြိုင်ပွဲတွင် ဆုရရှိသူများအား ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် လူမှု ရေးရာဝန်ကြီးတို့က ဆုများအသီးသီးချီးမြှင့်ကြပြီး စားပွဲတင်တင်းနစ် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ဆုရရှိသူများကို ပြည်နယ်စီးပွားရေးရာဝန်ကြီးနှင့် စားပွဲတင်တင်းနစ် အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင် ဆုရရှိသူများကို ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့က ဆုများအသီးသီးပေးအပ်ချီးမြှင့် ခဲ့ကြသည်။
ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက စစ်တုရင်ပြိုင်ပွဲနှင့် စားပွဲ တင်တင်းနစ်ပြိုင်ပွဲနှစ်ခုစလုံးတွင် တံခွန်စိုက်ဆုရရှိသော မြောက်ဦးခရိုင်အသင်းအား တံခွန်စိုက်ဆု ဖလားများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။
စားပွဲတင်တင်းနစ်နှင့်စစ်တုရင်ပြိုင်ပွဲကို ဩဂုတ်လ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့ထိသုံးရက်ကြာ ကျင်းပခဲ့ခြင်းဖြစ်ပြီး ပြည်နယ်အတွင်းရှိ ခရိုင်(၅) ခရိုင်မှ ပြိုင်ပွဲဝင်အားကစားသမား ၁၂၀ ကျော်ဝင် ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။
တင်ထွန်း
https://t.me/MyanmarNationalPost






No comments:
Post a Comment