MNP - သြဂုတ် ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် မုံရွာမြို့တွင် ၂၀၂၂ ခုနှစ်၊ (၂၃) ကြိမ်မြောက် မြန်မာတိုင်းရင်း သားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မုံရွာမြို့၊ မြသလ္လာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ရှေးဦးစွာ ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးဦးစီး ကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးက နိုင်ငံတော်အဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို ၁၉၉၉ ခုနှစ်မှ စတင်ပြီး ၂၀၁၆ ခုနှစ်အထိ နှစ်စဉ်မပြတ် ကျင်းပပေးခဲ့ပြီး ၂၀၁၇ ခုနှစ်မှစတင်၍ ကျင်းပနိုင်ခြင်းမရှိကာ ယခု ၂၀၂၂ ခုနှစ်တွင် ပြန်လည် ကျင်းပခြင်းဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို ဦးတည်ချက် (၄) ရပ်ဖြင့် ကျင်းပမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီး အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် မုံရွာခရိုင်အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် မြို့နယ်များက ရွေးချယ်ပေးပို့လာသော ပြိုင်ပွဲဝင်များ၊ မုံရွာမြို့ရှိ တက္ကသိုလ်များ၊ ပညာရေး ဒီဂရီကောလိပ်နှင့် အခြေခံပညာရေးဌာနတို့က ပေးပို့လာသော ပြိုင်ပွဲဝင်များကို သတ်မှတ်ပြိုင်ပွဲ အမျိုးအစား၊ အဆင့်အလိုက် ခရိုင်အဆင့်ပြိုင်ပွဲတွင် ယခုလိုကျင်းပခြင်း ဖြစ်ကြောင်း အမှာ စကား ရှင်းလင်းပြောကြားသည်။
ထို့နောက် အခမ်းအနားအား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးခင်မောင်ဆန်း၊ ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုး၊ ဒုတိယခရိုင်ရဲ တပ်ဖွဲ့မှူး ရဲမှူးလှမြင့်နှင့် ခရိုင်ပညာရေးမှူး ဒေါက်တာဒေါ်ခင်သူဇာစိန်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီးနောက် မုံရွာမြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း (အလုံ) မှ ကျောင်းသားဟောင်း မောင်ကျော်လင်းသန့်က “ရသစုံလင်ကကြိုးတစ်ခွင်” အကဖြင့် ကပြဖျော်ဖြေပြီး တက်ရောက်လာကြသည့် ဧည့်သည် တော်များ၊ အကဲဖြတ်ဒိုင်များ၊ ပြိုင်ပွဲဝင်များအမှတ်တရ စုပေါင်း မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူး ခဲ့ကြသည်။
မုံရွာခရိုင်၏ ၂ဝ၂၂ ခုနှစ်၊ (၂၃) ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ခရိုင်အဆင့် ပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးအစားအလိုက်၊ ပြိုင်ပွဲအဆင့် လိုက် ပွဲစဉ်ပေါင်း (၂၃) ခုပါဝင်ကာ ပြိုင်ပွဲဝင်ပေါင်း (၅၁) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲ ကျင်းပရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် မိဘများနှင့်ဝါသနာရှင်များက ပါဝင်ယှဉ်ပြိုင်မှုများအား ကြည့်ရှုအားပေးခဲ့ကြောင်း၊ ပြိုင်ပွဲအား ဩဂုတ်လ ၆ ရက်နေ့မှ ၇ ရက်နေ့မနက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဩဂုတ်လ ၇ ရက်နေ့ ညနေပိုင်းတွင် ပြိုင်ပွဲအလိုက် ဆုရရှိကြသူများကို ဆုများချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment