MNP ၊ ဩဂုတ် ၅
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့ပေါ်ရပ်ကွက်များကို သောက်သုံးရေပေးဝေနိုင်ရေးအတွက် မအီမြို့၏ အနောက်တောင်ဘက် (၁)မိုင်ခန့်တွင်တညှိရှိသည့် ညောင်ခြေထောက်ဆည်သို့ ကွင်းဆင်းပြုပြင်ဆောင်ရွက်ခြင်းများကို ယမန်နေ့ နေ့လယ်ပိုင်းက မအီမြို့၊ စည်ပင်သာယာရေးအဖွဲ့မှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မအီမြို့၊ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံအင်ဂျင်နီယာ ဦးမြတ်မင်းဟန် နှင့် ဝန်ထမ်းများက ရေပေးဝေရေးလုပ်ငန်းတွင် လိုအပ်နေသည်များကိုစစ်ဆေး၍ ရေပိုက်ခေါင်းများလဲလှယ်ခြင်း၊ ရေမော်တာများစစ်ဆေးခြင်း၊ လိုအပ်သည်များကိုအသစ်လဲလှယ်ခြင်းနှင့် မြို့ပေါ်ရပ်ကွက်များသို သွယ်တန်းထားသည့်ရေအောက်မြေအောက်ပိုင်းလိုင်းများ စစ်ဆေးပြုပြင်ခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ဖော်ပြပါ ညောင်ခြေထောက်ဆည်ကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် တောင်ကျချောင်းရေကို တစ်ဖက်ပိတ်ဆည်အဖြစ် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ရေပေးဝေရေးလုပ်ငန်းများကို စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်ခဲ့ပါကြောင်း၊ နွေပိုင်းကာလ ဧပြီလ မေလတို့တွင် ဆည်ရေလျော့နည်းလာမှုကြောင့် ရေပေးဝေရေးလုပ်ငန်းကို (၂)လကြာခန့်ရပ်နားခဲ့ရပါကြောင်း၊ မေလကုန်ပိုင်းမှစတင်၍ မိုးရွာသွန်းမှုများကြောင့် ဆည်ရေရရှိလာပြီဖြစ်၍ မြို့ပေါ်ရပ်ကွက်များသို့ ရေလုံလောက်စွာပေးဝေနိုင်ရေးအတွက် ဤသို့ အခါအားလျော်စွာ ကွင်းဆင်းပြုပြင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုမိုးတွင်းကာလတွင် မြို့ပေါ်ရပ်ကွက်များကို နံနက် ၆ နာရီမှ နေ့လယ် ၁၂ နာရီအထိ ရေပေးဝေနိုင်ကြောင်းနှင့် အဆိုပါဆည်ရေကို မတ်လကုန်လောက်အထိ ပေးဝေနိုင်လိမ့်မည်ဖြစ်ပါကြောင်းတို့ကို တာဝန်ခံအင်ဂျင်နီယာ ဦးမြတ်မင်းဟန်က ပြောကြားခဲ့သည်။
သတင်း - မောင်မောင်ဌေး
https://t.me/MyanmarNationalPost



No comments:
Post a Comment