MNP - သြဂုတ် ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ ပလပ်စတစ်သုံးစွဲမှု လျော့ချရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း နဝဒေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပလပ်စတစ်သုံးစွဲမှုလျော့ချရေး အသိပညာပေး ဟောပြောပွဲအခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်းက အဖွင့်အမှာစကား ပြောကြားပါသည်။ ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နန်းသန္တာဦးက ပလပ်စတစ်ညစ်ညမ်းမှု၊ ပလပ်စတစ် ညစ်ညမ်းမှု၏ ဆိုးကျိုးများနှင့် ပလပ်စတစ်သုံးစွဲမှု လျော့ချရေး ဖြေရှင်းရမည့် နည်းလမ်းများအကြောင်းတို့ကို အကျယ်တဝင့် ဆွေးနွေးဟောပြောပါသည်။ ဆက်လက်၍ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ အမှုဆောင်အရာရှိ ဦးစိန်ဝင်းက ပလပ်စတစ်စွန့်ပစ်ပစ္စည်းများ စနစ်တကျစွန့်ပစ်ကြရေး၊ ပလပ်စတစ်ပစ္စည်း သုံးစွဲမှုလျော့ချရေးနှင့် မြို့ရွာသန့်ရှင်းသာယာလှပရေးအကြောင်းတို့ကို ရှင်းလင်းဆွေးနွေး ဟောပြောခဲ့ပါသည်။
ဟောပြောပွဲအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ပလပ်စတစ်သုံးစွဲမှုလျော့ချရေး အသိပညာပေးနံရံကပ်စာစောင်များကို ဌာနဆိုင်ရာအကြီးအကဲများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြပါသည်။ အဆိုပါ ပလပ်စတစ်သုံးစွဲမှု လျော့ချရေးအသိပညာပေး ဟောပြောပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများ စုစုပေါင်း အင်အား (၁၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
သတင်း - နန်းသန္တာဦး
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment