MNP - ဩဂုတ် ၁၈
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့်အတူ တိုင်းဒေသကြီးအတွင်း စက်သုံးဆီများ ပြတ်လပ်မှု မရှိစေရေးအတွက် ယမန်နေ့နံနက်ပိုင်းက မြိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာအစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးအတွင်းရှိ စက်သုံးဆီလုပ်ငန်းရှင်များအား တွေ့ဆုံခဲ့သည်။
တွေ့ဆုံရာတွင် ဝန်ကြီးချုပ် ဦးမြတ်ကိုက တိုင်းဒေသကြီးအတွင်းမှာ အခက်အခဲတွေဖြစ်နေတဲ့ စက်သုံး ဆီနှင့်ပတ်သက်ပြီး ဆီတင်သွင်းသည့် အခက်အခဲများကို ဖြေရှင်းပေးနိုင်ရန်၊ တိုင်းဒေသကြီးအတွင်း လျှပ်စစ်လုပ်ငန်း၊ ရေလုပ်ငန်းနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း၊ တည်ဆောက်ရေးလုပ်ငန်းများနှင့် အခြားလုပ်ငန်းများတွင် သုံးစွဲလျက်ရှိသည့် စက်သုံးဆီများ ပြတ်လပ်မှုမရှိစေရေးအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တိုင်းဒေသကြီး အတွင်း ဆီတင်သွင်းခွင့်ကို ခွင့်ပြုပေးခဲ့ကြောင်း၊ တိုင်းဒေသကြီးအတွက် စက်သုံးဆီအနေဖြင့် ဒီဇယ်ဆီ(၂၄၆၀၀)တန်နှင့် ဓာတ်ဆီ(၁၄၄၆၀)တန်ကို လစဉ် တင်သွင်းခွင့် ရရှိခဲ့ကြောင်း၊ စက်သုံးဆီတင်သွင်းရာတွင် တိုင်းဒေသကြီးမှာရှိသည့် ကုမ္ပဏီများကို ဦးစားပေးခွင့်ပြု ပေးမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး အတွင်း ဆီတင်သွင်းကြမည့် လုပ်ငန်းရှင်များအနေဖြင့် ဆီတင်သွင်း ဆောင်ရွက်ရာတွင် မှန်မှန်ကန်ကန်ဆောင်ရွက်ပေးကြရန်နှင့် အခွန်အခများကိုလည်း မှန်မှန်ကန်ကန် ပေးသွင်းကြရန်၊ တင်သွင်းလာသည့်ဆီများကို တိုင်းဒေသကြီးပြင်ပသို့ ရောင်းချခွင့် မရှိကြောင်း၊ စက်သုံးဆီလုပ်ငန်းရှင်များ၏ အခက်အခဲများကို ဆွေးနွေးပေးကြရန်နှင့် တနင်္သာရီတိုင်းဒေသကြီး စက်သုံးဆီခွဲဝေဖြန့်ဖြူးရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ပေးခဲ့ပြီး စက်သုံးဆီများ တင်သွင်းခွင့် ပြုပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် စက်သုံးဆီလုပ်ငန်းရှင်များက စက်သုံးဆီများ သုံးစွဲရန်လိုအပ်ချက်များနှင့် အခက်အခဲများကို ဆွေးနွေးတင်ပြခဲ့ကြ၍ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တိုင်းဒေသကြီး ဝန်ကြီးများက ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ကုမ္ပဏီများအလိုက် တင်သွင်းကြမည့် စက်သုံးဆီများ အဆိုပြုတင်ပြခဲ့ကြရာ ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်း - ခိုင်ထူး
မြန်မာနေရှင်နယ်ပို့စ်



No comments:
Post a Comment