MNP - ဩဂုတ် ၁၂
မကွေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများတွင် လူမှုအားမာန်အဖွဲ့များ ဖွဲ့စည်းနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မကွေးတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့် တက်ရောက် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီး သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်က အမှာစကား ပြောကြားရာ မြန်မာနိုင်ငံသည် အခြားသော အရှေ့တောင်အာရှ နိုင်ငံများနည်းတူ သက်ကြီးရွယ်အိုဦးရေ တိုးတက်မှုနှုန်းမှာ အလျင်အမြန်ပြောင်းလဲလျက်ရှိပြီး ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံလူဦးရေ ၅၁.၄၈၆ သန်းအနက် ၄.၅ သန်းသည် သက်ကြီး ရွယ်အိုများဖြစ်ကြောင်း၊ သက်ကြီးရွယ်အိုဘဝ ဝင်ငွေမလုံခြုံမှု၊ ကျန်းမာရေး ပြုစုစောင့်ရှောက်မှုဆိုင်ရာ ပြဿနာနှင့် လူမှုရေး အထီးကျန်မှုဆိုင်ရာ ပြဿနာတွေကို ရင်ဆိုင်ကြုံတွေ့နေရပြီဖြစ်သသည့်အတွက် သက်ကြီးရွယ်အိုဘဝ ပုံမှန်ဝင်ငွေ ရရှိရေး၊ လူမှုဘဝ သာယာစိုပြည်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုစသော ကဏ္ဍများကို တိုးမြှင့်ဆောင်ရွက်ပေးဖို့ လိုအပ်ကြောင်း၊ မကွေးတိုင်းဒေသကြီး သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီအနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ သက်ကြီးရွယ်အိုများ၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး၊ လူ့ဘောင်အဖွဲ့အစည်းအတွင်း ပါဝင်ခွင့်ရရှိရေး၊ ကျန်းမာရေးနှင့် လူမှုရေး ဆိုင်ရာ စောင့်ရှောက်မှုများ အပြည့်အဝရရှိရေးအတွက် မိမိတို့ ရပ်ကွက်ကျေးရွာ အလိုက် လူမှုအားမာန်အဖွဲ့များကို ဖွဲ့စည်းရေးနှင့် ဖွဲ့စည်းပြီးအဖွဲ့များကိုလည်း ရေရှည်တည်တံ့အောင် ဆက်လက်ဆောင်ရွက်ရေးအတွက်လည်း ကော်မတီများမှ ကြီးကြပ် ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း၊ သို့မှသာ သက်ကြီးသူတို့ရဲ့ လူမှုဘဝကို ယုံကြည်ချက်ရှိရှိ ဖြတ်သန်းကုန်ဆုံးနိုင်မှာဖြစ်ကြောင်း၊ သက်ကြီးရွယ်အိုများရဲ့ ဘဝဂုဏ်သိက္ခာရှိစွာ ဖြတ်သန်းကုန်ဆုံးနိုင်ရေးအတွက် နိုင်ငံတော်အနေနဲ့ သက်ကြီးရွယ်အိုစောင့်ရှောက်ခြင်းနှင့် ဘဝမြှင့်တင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီးအတွင်းရှိ သက်ကြီးဘိုးဘွားများအတွက် ဆောင်ရွက်ပေးနိုင်မည့် လူမှုအားမာန်အဖွဲ့များကို မိမိတို့ရပ်ရွာ ဒေသအလိုက် ဆက်လက်ဖွဲ့စည်းနိုင်ရေး၊ ရေရှည်တည်တံ့ရေးအတွက် တက်ရောက်လာကြတဲ့ သက်ကြီးရွယ်အို ကော်မတီဝင်ဆက်စပ်ဌာနများ၊ လူမှုရေးအဖွဲ့ အစည်းများအားလုံးက ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးစေလိုကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး သက်ကြီးရွယ်အိများဆိုင်ရာ ကော်မတီအတွင်းရေးမှူး မကွေးတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး၊ ညွှန်ကြားရေးမှူး ဒေါ်ခင်သူဇာက တိုင်းဒေသကြီးအတွင်း သက်ကြီးရွယ်အိုများအတွက် ဆောင်ရွက်ထားရှိမှုနှင့် လူမှုအားမာန် အဖွဲ့များ ဖွဲ့စည်းနိုင်ရေးအတွက် ဆွေးနွေးတင်ပြခဲ့သည်။ ထို့နောက် တက်ရောက်လာသော ကော်မတီဝင်များမှ အသီးသီးဆွေးနွေးတင်ပြခဲ့ရာ ဆွေးနွေးတင်ပြမှုအပေါ် မကွေးတိုင်း ဒေကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်က ပေါင်းစပ်ညှိုနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
သတင်း - ကိုအောင်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment