MNP - သြဂုတ် ၁၉
မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်မှ လာမည့် သြဂုတ်လ (၃၀)ရက်နေ့တွင် ကျရောက်မည့် တအာင်း(ပလောင်) တိုင်းရင်းသားစာပေနေ့ နှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ်နေ့အဖြစ် တအာင်း(ပလောင်)လူငယ်များ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲကို ယမန်နေ့ ညနေ(၃)နာရီအချိန် နမ့်ခမ်းမြို့ရှိ မြို့မဘောလုံးကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
တအာင်း(ပလောင်း)တိုင်းရင်းသား၏ စာပေသည် ၁၉၇၂ ခုနှစ်၊ သြဂုတ်လ(၃၀)ရက်နေ့မှ စတင်ပြီး ၎င်းတို့၏ ကိုယ်ပိုင်စာပေဖြင့် အတည်ပြု အသုံးပြုလာခဲ့ရာ နှစ်စဉ်သြဂုတ်လ (၃၀)ရက်နေ့ ကျရောက်တိုင်း မြန်မာတစ်နိုင်လုံးရှိ မြို့နယ်တိုင်းမှ နေထိုင်ကြသည့် တအာင်း(ပလောင်) စာပေနှင့် ယဉ်ကျေးမှုကော်မတီအဖွဲ့က တအာင်(ပလောင်)တိုင်းရင်းသား စာပေနေ့အထိမ်းအမှတ်အဖြစ် တအာင်း(ပလောင်) သံဃာတော်များ ပင့်ဖိတ်၍ ဆွမ်း၊ ဆန်၊ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း၊ ၎င်းတို့၏ စာပေနေ့ပေါ်ပေါက်လာပုံ သမိုင်းကြောင်းများဖတ်ကြားခြင်း၊ နှစ်စဉ်တက္ကသိုလ် ဝင်တန်းစာမေးပွဲ ဖြေဆိုအောင်မြင်သည့် တအာင်း(ပလောင်) ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် ရိုးရာအကပဒေသာများ၊ ရိုးရာသိုင်းအကများ ကပြဖျော်ဖြေခြင်းတို့ နှစ်စဉ်ကျင်းပလျက်ရှိသည်။
လာမည့် ၂၀၂၂ ခုနှစ်၊ သြဂုတ်လ (၃၀)ရက်နေ့တွင် တအာင်း(ပလောင်)တိုင်းရင်းသား၏ စာပေနေ့သည် နှစ်(၅၀) ပြည့် ရွှေရတုနေ့ ကျရောက်မည်ဖြစ်သည့်အတွက် နမ့်ခမ်းမြို့ရှိ တအာင်း(ပလောင်)စာပေနှင့်ယဉ်ကျေးမှုကော်မတီမှ ဦးဆောင်ပြီး နမ့်ခမ်းမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်များနှင့် တောင်ပေါ်ကျေးရွာအုပ်စုများမှ နေထိုင်ကြသည့် တအာင်း(ပလောင်) လူငယ်များမှတအာင်း(ပလောင်)စာပေနေ့ နှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ်နေ့အကြို လူငယ်ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲကို ယမန်နေ့ညနေ(၃)နာရီအချိန် နမ့်ခမ်းမြို့ရှိ မြို့မဘောလုံးကွင်း၌ ကျင်းပလျက်ရှိရာ မြို့နယ်တအာင်း(ပလောင်) စာပေနှင့်ယဉ်ကျေးမှုကော်မတီ အတွင်းရေးမှူး ဦးလှအောင်က ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများ ရှင်းလင်းပြောကြားပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နန်းစုစန္ဒာလွင်က အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ကာ ပြိုင်ပွဲတွင် အသင်း(၁၇)သင်းဖြင့် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။
၂၀၂၂ ခုနှစ်၊ သြဂုတ်လ (၃၀)ရက်နေ့တွင် ကျရောက်မည့် တအာင်း(ပလောင်)စာပေနေ့ နှစ်(၅၀)ပြည့် ရွှေရတုနေ့ အထိမ်းအမှတ်အဖြစ် နမ့်ခမ်းမြို့နယ်၊ ဖာလင်ကျေးရွာရှိ တအာင်းစာပေ စိုက်ထူထားရှိသည့် နဂါးကျောက်စာတိုင်ကို နံနက်အချိန် သွားရောက်အရိုအသေပြုခြင်း၊ တအာင်းသံဃာတော်များ ပင့်ဖိတ်၍ ဆွမ်း၊ ဆန်၊ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း၊ နမ့်ခမ်းမြို့၊ အမှတ်(၁၃)ရပ်ကွက်၊ သာယာကုန်းရပ်ကွက်ရှိ တအာင်း(ပလောင်)စာပေနှင့် ယဉ်ကျေးမှုခန်း၌ တအာင်း(ပလောင်)စာပေနေ့ ပေါ်ပေါက် လာပုံသမိုင်းကြောင်း ဖတ်ကြားခြင်း၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ခြင်း၊ ရိုးရာအကပဒေသာနှင့် ရိုးရာသိုင်းအကများ ကပြဖျော်ဖြေခြင်း အခမ်းအနားစည်ကားစွာ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
သတင်း - ဘဦး
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment