မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၈/၂၀၂၂)သို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၈/၂၀၂၂)သို့ တက်ရောက်

 


MNP - သြဂုတ်   ၁၉


မကွေးတိုင်းဒေသကြီး ကိုဗစ်-၁၉ Coronavirus Disease 2019(COVID-19)ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၈/၂၀၂၂)ကို ယမန်နေ့ မွန်းလွဲ ၁ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်အမှာစကား ပြောကြားသည်။


အစည်းအဝေးတွင် ဦးစွာ မကွေးတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က တိုင်းဒေသကြီးအတွင်း ကိုဗစ်ရောဂါပိုးတွေ့ရှိမှုအနေဖြင့် သိသာစွာ လျော့နည်းကျဆင်းတာကို တွေ့ရကြောင်း၊ မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုနှုန်း မြင့်တက်လာပြီး ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများသာမက ပြည်တွင်း ကူးစက်ဖြစ်ပွားမှုများ ရှိနေတာခြင်းကို ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရှိရကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအလိုက် ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးမှုအနေဖြင့် အသက်(၁၈)နှစ်အထက် ပြည်သူ(၈၂.၅၆)ရာခိုင်နှုန်း၊ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူ(၉၇.၅၃)ရာခိုင်နှုန်းနှင့် အသက်(၅)နှစ်မှ (၁၅)နှစ်အတွင်းရှိ ကျောင်းနေပြင်ပ ကလေးသူငယ်(၄၆.၁၈)ရာခိုင်နှုန်း ထိုးနှံပြီးစီးပြီဖြစ်ကာ၊ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံပေးနိုင်ရေးနှင့် ရောဂါကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံမှုပြီးစီးကာလ(၆)လ ပြည့်ပြီးသူများအား ထပ်ဆောင်း(Booster Dose) ထိုးနှံပေးခြင်း တို့ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်စေလိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှု ဆက်လက်ပြီး ပိုမိုထိရောက်စွာ ကာကွယ်နိုင်ရေးအတွက် RDT Test Kit စစ်ဆေးခြင်း၊ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားရမည်ဖြစ်ပါကြောင်း၊ ကာကွယ်ဆေးထိုးနှံ ဆောင်ရွက်ရာမှာ ဆေးလို အပ်ချက် မရှိစေရေး သက်ဆိုင်ရာ ကျန်းမာရေးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရမှာ ဖြစ်ကြောင်း၊ ကြိုတင်ပြင်ဆင်မှု အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ အောက်ဆီဂျင်စက်ရုံများကိုလည်း အမြဲတမ်း အဆင့်သင့် လည်ပတ်နိုင်ရေးအတွက် ဆောင်ရွန်ထားရှိရန် လိုအပ်ကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ ပြန့်ပွားမှုမရှိစေရေး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား အရှိန်အဟုန်မပျက် ဆောင်ရွက်စေလိုကြောင်းနှင့် လူစုလူဝေးဖြစ်ပေါ်ရာ နေရာများတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများကို တိကျစွာ လိုက်နာစေရေး ကြီးကြပ် ဆောင်ရွက်ရန်လိုအပ်ကြောင်း စသည်ဖြင့် ပြောကြားသည်။  


ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်းက ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် မြို့နယ်များအား တွန်းအားပေး ကြပ်မတ်ပေးနေမှု၊ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်များအလိုက် ကာကွယ်ဆေးထိုးနှံပြီးစီးမှု၊ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose)ထိုးနှံပြီးစီးမှုနှင့် ကိုဗစ်ရောဂါကာကွယ်ဆေး ရရှိ/သုံးစွဲ/လက်ကျန် အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့သည်။


ဆက်လက်ပြီး တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က ခရိုင်/မြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု အခြေအနေ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် နေ့စဉ်လုပ်ငန်း ဆောင်ရွက်ထားရှိမှု၊ တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးမှု အခြေအနေ ဆက်လက်ထိုးနှံပေးမည့် အခြေအနေများနှင့် မြို့နယ်အသီးသီးမှ အောက်စီဂျင်စက်များ ဆောင်ရွက်ထားရှိမှု အခြေအနေများအား လည်းကောင်း၊ ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြပြီး၊ ဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလျော့ချရေး လုပ်ငန်းစဉ်များ ဆက်လက်ပြီး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်နှင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များအား အချိန်နှင့်တစ်ပြေးညီ လိုက်နာ ဆောင်ရွက်သွားကြရန် မှာကြား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


သတင်း - မောင်ညီညာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)