MNP - ဩဂုတ် ၂၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ ဆောင်းနေကြာ) စီမံကိန်းအကြောင်း မိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ဩဂုတ် ၂၃ ရက်၊ ယနေ့နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ် ပေါက်ကုန်းရွာသစ်ကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင် က ဒေသခံကျေးလက်နေပြည်သူများ(ဆီထွက်သီးနှံ ဆောင်းနေကြာ) စိုက်ပျိုးရာတွင် အဆင်ပြေစွာ စိုက်ပျိုးသွားနိုင်ရေးအတွက် အတိုးနှုန်းသက်သာသော ချေးငွေအား မတည်ထုတ်ချေးပေးနိုင်ရန် မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ ဆောင်းနေကြာ) စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာ ဖော်ဆောင်နိုင်ရေးအတွက် ကော်မတီဝင်များ ဖွဲ့စည်းဆောင်ရွက်ရန်လိုအပ်ကြောင်းနှင့် ရပ်ကျိုးရွာကျိုး ကြိုးပမ်းဆောင်ရွက် လုပ်ကိုင်နိုင်သောသူများကို ကော်မတီဝင်အဖြစ် ဆန္ဒပြုရွေးချယ်ပေးစေလိုကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ခံမြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ဆီထွက်သီးနှံ ဆောင်းနေကြာ စိုက်ပျိုးရေးနှင့် စပ်လျဉ်းပြီး လိုက်နာရမည့် အခြေခံစိုက်ပျိုးရေးနည်းစနစ်များ၊ သီးနှံပိုးမွှား ရောဂါကြိုတင်ကာကွယ် ရေးဆိုင်ရာနည်းလမ်းများ၊ သီးနှံအထွက်နှုန်း လျော့နည်းမှု မဖြစ်စေရေး အချိန်မီ သီးနှံရိတ်သိမ်း ခြွေလှေ့နည်းစနစ်များကို အသိပညာပေး ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ပွင့်ဖြူမြို့နယ် ပေါက်ကုန်းရွာသစ်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ ဆောင်းနေကြာ) စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ဒေသခံပြည်သူများ၏ အများသဘောဆန္ဒဖြင့် ကျေးရွာစီမံကိန်းကော်မတီဝင် (၇)ဦးအား အတည်ပြုရွေးချယ် ဖွဲ့စည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဒေသတွင်း စားသုံးဆီဖူလုံစေရန်နှင့် ကျေးရွာနေ ပြည်သူများ သီးနှံဝင်ငွေ တိုးပွားစေရေးအတွက် ရည်ရွယ်ပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အတိုးနှုန်းသက်သာသော စိုက်ပျိုးစရိတ် အရင်းအနှီးချေးငွေများ မတည်ထုတ်ချေးပေးပြီး ကျေးရွာစီမံကိန်းလုပ်ငန်း ကြီးကြပ်မှုကော်မတီဝင်များ၏ ဦးဆောင်မှုဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း ဆီထွက်သီးနှံမိုးနေကြာစီမံကိန်းဝင် ကျေးရွာ(၃)ရွာနှင့် ဆီထွက်သီးနှံ ဆောင်းနေကြာစီမံကိန်းဝင်ကျေးရွာ (၂)ရွာ၊ စုစုပေါင်း ကျေးရွာ(၅)ရွာတွင် မိုးနေကြာနှင့် ဆောင်းနေကြာသီးနှံအား တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ပြောသည်။
သတင်း - လှိုင်ဝင်းလေး
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment