MNP - ဩဂုတ် ၂၃
ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ် (တာမွေဘဏ်ခွဲ)တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများကို ဘဏ်ဖွင့်ရက်များအတိုင်း ပင်စင်လစာများ နေ့စဉ်ထုတ်ပေးလျက်ရှိရာ ပင်စင်လစာ ထုတ်ယူသူများသောရက်များ၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ အခက်အခဲမရှိ အဆင်ပြေချောမွေ့စွာ ထုတ်ယူနိုင်စေရေး၊ လူစုလူဝေး မဖြစ်ပေါ်စေရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေးတို့အတွက် ကြိုတင်တိုကင်စနစ်ဖြင့် ပင်စင်လစာထုတ်ယူနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း မြန်မာ့စီးပွားရေးဘဏ် (တာမွေဘဏ်ခွဲ)မှ သိရသည်။
“ဒီနှစ် ဇူလိုင်လကနေစပြီး နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ ပင်စင်လစာ လာထုတ်တဲ့အခါမှာ အဆင်ပြေချောမွေ့စွာ ထုတ်ယူနိုင်စေရေးအတွက် နောက်လအတွက် ပင်စင်ထုတ်မဲ့ နေ့ရက်နှင့်အချိန်ကို တိုကင်ကြိုတင်ထုတ်ပေး လိုက်ပါတယ်။ အဓိကက နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့ တန်းစီစရာမလိုဘဲ သက်တောင့်သက်သာနဲ့ အဆင်ပြေချောမွေ့စွာ ထုတ်ယူနိုင်စေဖို့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်ပေးတာပါ။ ဒီလမှာဆိုရင် ပြီးခဲ့တဲ့လကတည်းက ကြိုတင်တိုကင်တွေ ထုတ်ပေးထားတဲ့အတွက် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားတွေအနေနဲ့ ပင်စင်လစာထုတ်ယူတဲ့အခါမှာ အဆင်ပြေချောမွေ့စွာ ထုတ်ယူနိုင်တဲ့အပြင် အရင်လို လူစုလူဝေးဖြစ်ပေါ်တာလည်း မရှိတော့ပါဘူး။ ဒီတာမွေဘဏ်ခွဲမှာတော့ နိုင်ငံ့ဝန်ထမ်း အငြိမ်းစား တစ်သောင်းရှစ်ထောင်ခန့်ကို ဘဏ်ဖွင့်ရက်များတွင် နေ့စဉ်ပင်စင်လစာများ ထုတ်ပေးလျက်ရှိပြီး နိုင်ငံ့ ဝန်ထမ်းအငြိမ်းစား အများစုကတော့ လတစ်လအတွက် ပင်စင်လစာ စတင်ထုတ်ပေးတဲ့ရက် ပထမနေ့နှင့် ဒုတိယနေ့ များတွင် လာရောက်ထုတ်ယူမှုများပြီး အဆိုပါနေ့များတွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားဦးရေ (၁၅၀၀)နှင့် (၁၆၀၀)ကြား လောက်ကို ပျမ်းမျှပုံမှန်ရှိပါတယ်။ ဒီတာမွေဘဏ်ခွဲမှာ တာမွေမြို့နယ်အပြင် သင်္ဃန်းကျွန်းမြို့နယ်၊ ဗဟန်းမြို့နယ်၊ သာကေတမြို့နယ်၊ ဒေါပုံမြို့နယ်၊ ရန်ကင်းမြို့နယ်တို့မှာ နေထိုင်တဲ့ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများကို ပင်စင်လစာများ ထုတ်ပေးလျက်ရှိပြီး အသက်အရွယ်နဲ့ သွားရေးလာရေးအရ အဆင်မပြေသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်စားများကိုလည်း နီးစပ်ရာ မြန်မာ့စီးပွားရေးဘဏ်ခွဲများတွင် ပင်စင်လစာထုတ်ယူနိုင်ရေး ချိတ်ဆက်ဆောင်ရွက်ပေးလျက် ရှိပါတယ် ” ဟု တာမွေမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲ မန်နေဂျာ ဒေါ်မိုးနှင်းနွယ် က ဆိုသည်။
အချို့သော သွားရေးလာရေး အဆင်မပြေတဲ့ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများနှင့် ကျန်းမာရေး မကောင်းမွန်သည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအနေဖြင့် ၎င်းတို့၏လစဉ်ပင်စင်လစာများကို မြန်မာ့စီးပွားရေးဘဏ်ခွဲ (တာမွေဘဏ်ခွဲ)အပြင် မြန်မာ့စီးပွားရေးဘဏ်ခွဲ အသီးသီးတွင် ကိုယ်စားလှယ်ဖြင့် လာရောက်ထုတ်ယူနိုင်ကြောင်း၊ အဆိုပါ ကိုယ်စားလှယ်ဖြင့် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားပင်စင်လစာ လာရောက်ထုတ်ယူသည့် ပုံစံတွင် သက်ဆိုင်ရာ ပြန်တမ်းဝင်အရာရှိ တစ်ဦး(သို့မဟုတ်) သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးတစ်ဦး၏ ထောက်ခံချက်ပါရှိရမည် ဖြစ်ကြောင်း၊ ကိုယ်စားလှယ်ဖြင့် ထုတ်ယူသည့် ပင်စင်လစာများနှင့် ပတ်သက်ပြီး သက်ဆိုင်ရာဘဏ်ခွဲတာဝန်ရှိသူများက အိမ်တိုင် ရာရောက် ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း၊ ကိုယ်စားလှယ်ဖြင့် ထုတ်ယူရန် အဆင်မပြေမှု ရှိပါကလည်း အိမ်တိုင်ရာရောက် ဆောင်ရွက်ပေးလျက်ရှိသလို နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ သဘောဆန္ဒအရ အွန်လိုင်းမှတစ်ဆင့် ATM၊ MMM၊ Citizen Pay စသည်တို့ဖြင့်လည်း နီးစပ်ရာနေရာများတွင် ပင်စင်လစာများကို လွယ်ကူချောမွေ့စွာ ထုတ်ယူနိုင်ကြောင်း၊ ဒါ့အပြင် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအနေဖြင့် ၎င်းတို့၏ ငွေစုဘဏ်စာရင်းနှင့် Current Account စာရင်းများမှလည်း ၎င်းတို့အဆင်ပြေသည့်အချိန် ပင်စင်လစာများ အလွယ်တကူ ထုတ်ယူနိုင်ရေး စီစဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
“ ကျွန်တော်ကတော့ စာရင်းစစ်ရုံးကနေ အငြိမ်းစားယူထားတဲ့ ပင်စင်စားတစ်ယောက်ပါ။ ဒီမှာပင်စင် လာရောက်ထုတ်ယူတာ အစကတည်းက ယခုအချိန်အထိ အားလုံးအဆင်ပြေမှုရှိပါတယ်။ ဒါ့အပြင် တိုကင်လေးတွေကို ကြိုတင်ထုတ်ပေးပြီးတော့ တန်းစီစောင့်ဆိုင်းရတဲ့စနစ် ပျောက်ကွယ်သွားအောင် ဆောင်ရွက်ပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ရှိပါတယ် ” ဟု ပင်စင်လာရောက်ထုတ်ယူသူ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားတစ်ဦးက ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်း - နိုင်လင်းအောင်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment