MNP - ဩဂုတ် ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသော လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်၊ စာစောင်ပြပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က လဟယ်မြို့ အခြေခံပညာအထက်တန်းကျောင်း ချယ်ရီခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးနေမင်းသူက အဖွင့်အမှာစကားပြောကြားရာတွင် ဒီနေ့ဟောပြောပွဲမှာ ဌာန (၅)ခုပါတဲ့အတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးကြမှာ ဖြစ်ကြောင်းနှင့် စာအုပ်စာစောင် ပြပွဲလဲ ပါဝင်တဲ့အတွက် ကျောင်းသား/သူများအနေဖြင့် စာအုပ်စာပေလေ့လာဖတ်ရှုကြရန် လိုအပ်ကြောင်း ယနေ့လူငယ်နောင်တွင် နိုင်ငံ့တာဝန် လွဲပြောင်းထမ်းဆောင်ရမည့် လူငယ်များအနေဖြင့် ရည်မှန်းချက် မြင့်မြင့်ထားရမည် ဖြစ်ကြောင်း ပြောကြားပြီး လူငယ်တွေအတွက် အသိပညာပေး ဆွေးနွေးပွဲ/ဟောပြောပွဲကို မကြာခဏ လုပ်ဆောင်ပေးရန် မှာကြားသည်။
ဆက်လက်ပြီး လဟယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရှားဆက်က ဟောပြောပွဲကျင်းပရခြင်း ရည် ရွယ်ချက်ကို အသေးစိတ်ရှင်းလင်းတင်ပြပြီး လူငယ်များအတွက် စာဖတ်ရှိန်မြှင့်တင်ရေး မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးနှင့် အကျင့် စာရိတ္တကောင်းမွန်ရေးခေါင်းစဉ်ဖြင့် လည်းကောင်း၊ လဟယ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးရန်အေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ပတ်သက်၍လည်းကောင်း မြို့နယ်တရားသူကြီး ဦးငွေသိန်းက ကလေးသူငယ်များအခွင့်ရေးနှင့် ပတ်သက်၍လည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးကျော်ထက်အောင်မှ မှူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော အကြောင်းအရာများကို လည်းကောင်း ဆွေးနွေးဟောပြောခဲ့ပြီး လဟယ်မြို့အခြေခံပညာအထက်တန်း ကျောင်းအုပ်ကြီး ဦးဝင်းဇော်ဦးက အခုလို မိမိတို့ကျောင်းသားလူငယ်များအတွက် လူငယ်ရေးရာနှင့် ပတ်သက်၍ ဗဟုသုတတွေ မျှဝေဟောပြော ဆွေးနွေးပေးခဲ့တဲ့ ဌာနဆိုင်ရာများအားလုံး အထူးကျေးဇူး တင်ကြောင်းပြောကြားသည်။
ထိုနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်ကျင်းပြသထားသော သုတ၊ရသ စာအုပ်စာစောင်များကို တက်ရောက်လာကြသော တာဝန်ရှိသူများနှင့် ကျောင်းသား/ကျောင်းသူများက ဖတ်ရှုလေ့လာခဲ့သည်။
အဆိုပါ အခမ်းအနားသို့ နာဂဒေသစီမံအုပ်ချုပ်ရေး အဖွဲ့အတွင်းရေးမှူး ဦးနေမင်းသူ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သိန်းဝင်းနှင့် ဒေသအဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁၈၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment