MNP - သြဂုတ် ၂၉
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှကြီးမှူး၍ အာဟာရပြည့်ဝသည့်အစားအစာဟင်းလျာချက်ပြုတ်နည်းပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမ၌ ကျင်းပခဲ့သည်။
ပြိုင်ပွဲတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မသန်းစောမှ မြန်မာအမျိုးသမီးများအနေဖြင့် စားသောက်နေထိုင်မှုစနစ်တကျရှိစေရန် အာဟာရဓာတ်ပြည့်ဝအောင် ချက်ပြုတ်တတ်ရန်၊ ကိုယ်ခန္ဓာဖွံ့ဖြိုးမှုအတွက် စားသောက်မှုအပိုင်းကို ပြင်ဆင်တတ်စေရန်၊ မိမိတို့ရဲ့ဓလေ့ထုံးတမ်းအစဉ်အလာများ မပျောက်ပျက်စေရေး မြန်မာအမျိုးသမီးတစ်ဦးအနေဖြင့် အာဟာရပြည့်ဝစွာ ချက်ပြုတ်တတ်ရန်၊ တိုင်းရင်းသားတို့၏ ရိုးရာအစားအစာကို ဖော်ထုတ်အသိအမှတ်ပြုသည့်အနေဖြင့် အာဟာရပြည့်ဝသည့် အစားအစာဟင်းချက်နည်းပြိုင်ပွဲ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါပြိုင်ပွဲ မိမိတို့နေ့စဉ်စားသုံးနေကြသည့် ဟင်းသီးဟင်းရွက်အသားငါးများဖြင့် ဗီတာမင်အုပ်စုပြည့်ဝပြီး အာဟာရမျှတစွာ စီစဉ်ချက်ပြုတ်ထားပြီး ဆီအသုံးပြုမှုနည်းသည့်အတွက် ကျန်းမာရေးအတွက် သင့်တော်ကာ စားကောင်းသော အစားအစာ ဟင်းလျာများကို ချက်ပြုတ်ရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအာဟာရပြည့်ဝသည့် အစားအစာချက်ပြုတ်နည်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်းခြောက်သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အသင်းတစ်ဖွဲ့တွင် ၃ ဦးပါဝင်ပြီး ရိုးရာအစားအစာနှင့်လျော်ညီခြင်း နူးနပ်မှု၊ ကျန်းမာရေးအတွက်သန့်ရှင်းမှု၊ အရသာနှင့်အာဟာရဖြစ်စေရန် ချက်ပြုတ်စီစဉ်တတ်မှုစသည်ဖြင့် အမှတ်ပေးဒိုင်အဖွဲ့များက အကဲဖြတ်အမှတ်ပေးကြရာ ပထမဆုကို မိခင်မေတ္တာအမျိုးသမီးများအဖွဲ့၊ ဒုတိယဆုကို သဇင်ပျိုဖြူအမျိုးသမီးများအဖွဲ့၊ တတိယဆုကို စိုင်းဒင်သူအမျိုးသမီးများအဖွဲ့တို့က ရရှိခဲ့ကြောင်းနှင့် ဆုများကို ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ကြီးမှူးကျင်းပသော မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥကဋ္ဌနှင့် အဖွဲ့ဝင်များက ဆုများ အသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်း - လှကျော်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment