ညောင်ဦးခရိုင်အတွင်း တိုင်ထောင်ခရမ်းချဉ်စိုက်ပျိုး တောင်သူများ အောင်မြင်ဖြစ်ထွန်း တစ်ပိသာ ၁၅၀၀ ကျပ် ရောင်းချရခြင်းကြောင့် တွက်ခြေကိုက်နေကြ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးခရိုင်အတွင်း တိုင်ထောင်ခရမ်းချဉ်စိုက်ပျိုး တောင်သူများ အောင်မြင်ဖြစ်ထွန်း တစ်ပိသာ ၁၅၀၀ ကျပ် ရောင်းချရခြင်းကြောင့် တွက်ခြေကိုက်နေကြ



MNP - ဩဂုတ်   ၂၀


မန္တလေးတိုင်းဒေသကြီး ညောင်ဦးရိုင် ကျောက်ပန်းတောင်း မြို့နယ်နှင့် ညောင်ဦးမြို့နယ်ရှိ ကျေးလက်တောင်သူများ မြေအောက် ရေသွင်းစိုက်ပျိုးကြသည့် တိုင်ထောင်ခရမ်းချဉ် စိုက်ပျိုးတောင်သူများ အောင်မြင် ဖြစ်ထွန်းပြီး ခရမ်းချဉ်သီးပေါ်ချိန် တစ်ပိသာ ၁၅၀၀ ကျပ် ရောင်းချနေရခြင်းကြောင့် ခရမ်းချဉ်စိုက်ပျိုး တောင်သူများ မိသားစုဝင်ငွေ တွက်ခြေကိုက်နေကြကြောင်း ကျောက်ပန်းတောင်းမြို့နယ် လဲဂွကျေးရွာ ခရမ်းချဉ်စိုက်ပျိုး တောင်သူ ဦးမောင်စိုးထံက သိရသည်။


ကျောက်ပန်းတောင်း မြို့နယ် လက်ပံအိုင့်ကျေးရွာ၊ လဲဂွ၊ ညောင်ဖြူပင်၊ မုန့်ကုန်း၊ အမှတ်-၃၊ ဆပ်ပြာကျင်း၊ မကျီးတိုင်းကျေးရွာများနှင့် ညောင်ဦးမြို့နယ် လက်ပံခြေပေါ်ကျေး ရွာအုပ်စုရှိ ကျေးရွာများ၊ အောက်ညဉ့်ကျေးရွာ၊ အထက်ညဉ့်ကျေးရွာ၊ သူကောင်းတည်ကျေး ရွာနှင့် တောင်ဖက်တန်းကျေးရွာ များသည် မြေအောက်ရေအသုံးပြု တိုင်ထောင် ခရမ်းချဉ်စိုက် ပျိုးသည့် ကျေးရွာများ ဖြစ်ကြကြောင်း၊ ပြောင်းလဲလာသည့် ခေတ်မီစိုက်ပျိုးရေး နည်းစ နစ်များနှင့် အတူ ခရမ်းချဉ် ပျိုးထုပ်များကိုလည်း တစ်သုံးလုံး တံဆိပ်စပ် မျိုးခရမ်းချဉ် ပျိုး ထုပ်များဝယ်ကာ ပျိုးအိတ်တစ်အိတ် တစ်စေ့နှုန်းဖြင့် ပျိုးထောင်ကြကြောင်း ပျိုးထောင် သက် ၁၅ ရက်ခန့် ရလျှင် ခရမ်းချဉ်စိုက်မည့် စိုက်ခင်းသို့ ရွှေ့ပြောင်း စိုက်ပျိုးရပြီး ရေသွင်းစနစ်ဖြင့် ရေမြောင်း လုပ်ကာ ရေမြောင်းတက် တချက်ခရမ်းချဉ်ပင်များ စိုက်ပျိုးပြီး ခရမ်းချဉ်အပေါ်သို့ ဖြောင့်မတ်စွာ တက်နိုင်စေရန် တိုင်ထောင် ပေးထားရကြောင်း၊ ခရမ်းချဉ်ပင်များ ရက်၂၀ခန့်ရှိလျှင် ခွပွင့်လိုက်ပြီး စတင် အသီးသီးကြောင်း သိရသည်။


တိုင်ထောင် ခရမ်းချဉ်ပင်များ အပင်ဖြစ်ထွန်းမှု အားကောင်းပြီး အသီးသီးနှုန်းလည်း ကောင်းမွန်ခြင်း ကြောင့် တစ်သုံးလုံး ခရမ်းချဉ် ပျိုးအိတ်တစ်အိတ် စိုက်ပျိုးလျှင်ခရမ်းချဉ်သီး လှိုင်လှိုင်ပေါ်ချိန် တစ်ခါဆွတ်ခူးလျှင် ပိသာချိန် ၁၀၀ ခန့် ပုံမှန်ဆွတ်ခူးရကြောင်း၊ နှစ်ရက်တစ်ခါ ဆွတ်ခူးရကြောင်း ထွက်ရှိလာသည့် ခရမ်းချဉ်သီးများကို ခရမ်းချဉ်ပွဲစားများ စိုက်ခင်းထိ လာရောက် ဝယ်ယူကြခြင်းနှင့် ကျောက်ပန်းတောင်းမြို့ မြို့မဈေးပွဲရုံများသို့ ရောင်းခြင်း၊ ညောင်ဦးမြို့နယ်ထွက် ခရမ်းချဉ်သီးများအား ပခုက္ကူဈေးကွက်သို့ အများဆုံး ရောင်းချပြီး၊ ညောင်ဦးမြို့ မဏိစည်သူဈေးသို့လည်း သွားရောက် ရောင်းချကြကြောင်း၊ တိုင်ထောင်ခရမ်းချဉ်သီး လှိုင်လှိုင်ပေါ်ချိန် တစ်ပိသာ ၁၅၀၀ ကျပ် ရောင်းချရခြင်းကြောင့် တိုင်ထောင်ခရမ်းချဉ် စိုက်ပျိုး တောင်သူများ မိသားစုဝင်ငွေ တွက်ခြေကိုက်နေကြကြောင်း ခရမ်းချဉ်စိုက် တောင်သူများထံက သိရသည်။


သတင်း - ကိုကြေးမုံ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)