MNP - သြဂုတ် ၂၀
ကချင်ပြည်နယ်အတွင်း စိုက်ပျိုးရေးထုတ်ကုန်တစ်ခုဖြစ်သည့် တစ်သျှူးငှက်ပျောများကို နိုင်ငံ တကာအရည်အသွေးမီ စိုက်ပျိုးထုတ်လုပ်တင်ပို့ဖြန့်ဖြူးနိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံလုပ်ကိုင်ဆောင်ရွက်မည့် လုပ်ငန်းများအပေါ် ဥပဒေလုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ ကွင်းဆင်းစစ်ဆေး၍ ခွင့်ပြုဆောင်ရွက်သွားရန်လိုကြောင်း ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၆/၂၀၂၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ထည့်သွင်းပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံနှင့်ပြည်နယ်၏ စီးပွားမြှင့်တင်ရေးအတွက် စိုက်ပျိုးရေးထုတ်ကုန်များကို တွန်းအားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ တရားဝင်ရင်းနှီးမြှုပ်နှံလုပ်ကိုင်နိုင်ရေး ခွင့်ပြုချက် တင်ပြလျှောက်ထားလာမှုများအပေါ် ကော်မတီအဖွဲ့ဝင်များအနေဖြင့် စနစ်တကျ ကွင်းဆင်းစစ်ဆေးပြီး ခွင့်ပြုပေးနိုင်ရေး တည်ဆဲဥပဒေ၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ ကူညီဆောင်ရွက်ပေးကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်ကော်မတီအတွင်းရေးမှူး၊ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန် ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာသိမ့်သိမ့်မိုးက (၅/၂၀၂၂)ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် နိုင်ငံတကာ အရည်အသွေးမီ တစ်သျှူးငှက်ပျော စိုက်ပျိုးထုတ်လုပ်တင်ပို့ဖြန့်ဖြူးခြင်းလုပ်ငန်းအတွက် ကုမ္ပဏီ(၂)ခုမှ အတည်ပြုမိန့် ထုတ်ပေးနိုင်ရေး တင်ပြလျှောက်ထားလာမှုများကို ရှင်းလင်းတင်ပြရာ သက်ဆိုင်ရာကုမ္ပဏီတာဝန် တာဝန်ရှိသူများက အစည်းအဝေးဆုံးဖြတ်ချက်အရ ပြင်ဆင်ဆောင်ရွက်ထာထးရှိမှုများကို အသီးသီး ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တက်ရောက်လာကြသည့် ပြည်နယ်ကော်မတီအဖွဲ့ဝင် ပြည်နယ်အဆင့်ဌာနဆိုင် ရာတာဝန်ရှိသူများက တစ်သျှူးငှက်ပျော စိုက်ပျိုးထုတ်လုပ် တင်ပို့ဖြန့်ဖြူးခြင်းလုပ်ငန်းများအပေါ် သက်ဆိုင်ရာကဏ္ဍအလိုက် လိုအပ်သည်များနှင့် စပ်လျဉ်း၍ ဖြည့်စွက်ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ လိုအပ်သည်များ ကော်မတီအဖွဲ့ဝင်များနှင့် ညှိနှိုင်းပေါင်းစပ်ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment