အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများရှိ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်မှုနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများရှိ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်မှုနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကျင်းပ





MNP ၊ ဩဂုတ် ၁၇

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး၊ ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများရှိ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်မှုနှင့် စပ်လျဉ်းသည့် ညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ထုတ်ပြန်ထားသော စည်းကမ်း သတ်မှတ်ချက်များနှင့် အညီ ကျင်းပသည်။


အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌက အစိုးရဌာန၊ အဖွဲ့အစည်းများ၏ စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဝယ်ယူခြင်း၊ ဝန်ဆောင်မှု ရယူခြင်း၊ ငှားရမ်းခြင်းနှင့် ရောင်းချခြင်း လုပ်ငန်းများတွင် ဖြစ်ပေါ်နိုင်သည့် အဂတိလိုက်စားမှုကြောင့် ပြည်သူ့ဘဏ္ဍာရန်ပုံငွေ ဆုံးရှုံးမှုကို ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုတို့ဖြင့် လျှော့ချနိုင်ရန်၊ အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများတွင် စနစ်တစ် ခုကဲ့သို့ နက်ရှိုင်းစွာပျံ့နှံ့နေသော အဂတိ လိုက်စားမှု (Systemic Corruption) ကို သိသာထင်ရှားစွာ ကျဆင်းသွားစေရန်နှင့် ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်သည့် ကောင်းမွန်သော စီမံအုပ်ချုပ်မှု ဆိုင်ရာညွှန်းကိန်း (Worldwide Governance Indicators-WGI) တွင် အဂတိလိုက်စားမှု ထိန်းချုပ်နိုင်ခြင်း (Control of Corruption) ညွှန်းကိန်း သိသာထင်ရှားစွာ အဆင့်တိုးတက်လာစေရန် မူဝါဒများချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ ပါကြောင်း၊


အဂတိလိုက်စားမှု တိုက်ဖျက်ရေး အခြေခံကောင်းများ တည်ဆောက်နိုင်ရန်နှင့် အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများ၏ ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေး ပူးပေါင်း ဆောင်ရွက်နိုင်ရန် အတွက် ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်း (၃၈)ခုတို့တွင် အဂတိ လိုက်စားမှုတားဆီး ကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit-CPU)များကို ဖွဲ့စည်းထားပြီး ဖြစ်ပါကြောင်း၊ ဌာနများတွင် CPU လုပ်ငန်းစီမံချက်များ ရေးဆွဲ၍ လိုက်နာ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းအားဖြင့် မိမိဌာနအလိုက်ဆောင်ရွက်ရန် လိုအပ်နေသည့် အားနည်းချက်၊ အားသာချက်များကို သိရှိနိုင်ပြီး အချိန်မီပြုပြင်ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ ထို့ပြင် သက်ဆိုင်ရာ ဌာနအလိုက်  အဂတိလိုက်စားနိုင်ခြေ အန္တရာယ်ရှိမှု ဆန်းစစ်လေ့လာခြင်း (Corruption Risk Assessment – CRA) ဆောင် ရွက်ခြင်းဖြင့် အဂတိလိုက်စားမှုများကို တားဆီး သွားနိုင်မည် ဖြစ်သည့်အတွက် CRA လုပ်ငန်းကို တွန်းအားပေး ဆောင်ရွက်သွားရန် ပြောကြား လိုကြောင်း။


ကော်မရှင်အနေဖြင့် CPU ၏ လုပ်ငန်းအစီအစဉ် (၆) ရပ်အနက် ဆဋ္ဌမမြောက် အချက်ဖြစ်သည့် ဝန်ဆောင်မှုရယူသည့် ပြည်သူများ၏ တယ်လီဖုန်းများသို့ SMS ပေးပို့ မေးမြန်းပြီး တုံ့ပြန်မှုရယူခြင်း အစီအစဉ် (Public Feedback Programme – PFP) ကို အသုံးပြု ဆောင်ရွက်လျက် ရှိပါကြောင်း။


၂၀၂၂ ခုနှစ်၊ ဇူလိုင်လအထိ ကော်မရှင်အပါအဝင် ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်း (၂၁) ခုတွင် PFP အစီအစဉ်ကို တိုးချဲ့ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ပြည်သူကို ဝန်ဆောင်မှုပေးနေသည့် ဌာနများ အနေဖြင့် PFP အစီအစဉ်ကို အသုံးပြု ဆောင်ရွက်သွားရန် တိုက်တွန်းပြောကြား လိုပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းသည် အမျိုးသားရေး တာဝန်ဖြစ်ပြီး တစ်နိုင်ငံလုံးနှင့် သက်ဆိုင်သောတာဝန် ဖြစ်သဖြင့် သန့်ရှင်းသော အစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်မှုစနစ် ဖြစ်ထွန်းလာစေရန် တာဝန်ရှိသူအသီးသီးမှ ပူးပေါင်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း ပြောကြား သည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များက အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများ၊ အားသာချက်များ၊ အားနည်းချက်များ၊ သုံးသပ်တင်ပြ ချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။ ထို့နောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံး၊ နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများ၏ ဆွေးနွေးမှုများအပေါ် ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး ကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်တင့်က လိုအပ်သည်များကို ထပ်မံဖြည့်စွက် ဆွေးနွေးသည်။


ယင်းနောက် ကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)