MNP - သြဂုတ် ၂၃
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် မိုးရာသီဘောလုံးပြိုင်ပွဲ သတ္တမမြောက်နေ့အဖြစ် ယမန်နေ့မွန်းလွဲ ၃ နာရီ ၃၀ မိနစ်အချိန်က အဆိုပါ သင်တန်းကျောင်းရှိ အားကစားကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း မိုးရာသီဘောလုံးပြိုင်ပွဲကို သတ္တမမြောက်နေ့အဖြစ် ကနောင်အသင်းနှင့် ဘုရင်နောင်အသင်းတို့ ယှဉ်ပြိုင်ခဲ့ရာ ဂိုးမရှိသရေဖြစ်ခဲ့ပြီး ဒုတိယပွဲစဉ်အဖြစ် အနော်ရထားအသင်းနှင့် ဗန္ဓုလအသင်းတို့ ယှဉ်ပြိုင်ခဲ့ကြရာ အနော်ရထားအသင်းက ဗန္ဓုလအသင်းကို ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။ ၎င်းမိုးရာသီဘောလုံးပြိုင်ပွဲကို ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းမှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် သင်တန်းသား၊ သင်တန်းသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးရာသီဘောလုံးပြိုင်ပွဲကို အမျိုးသားဘောလုံးပြိုင်ပွဲနှင့် အမျိုးသမီးဘောလုံးပြိုင်ပွဲများ ယှဉ်ပြိုင်လျက်ရှိရာ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဗန္ဓုလအသင်း၊ တပင်ရွှေထီးအသင်း၊ အလောင်းဘုရားအသင်း၊ ကနောင်အသင်း၊ ကျောင်းလက်ရွေးစင်အသင်း၊ နည်းပြအသင်း၊ အနော်ရထာအသင်း၊ နဝဒေအသင်းစသည့် ပြိုင်ပွဲဝင်အသင်း ၈ သင်းနှင့် အမျိုးသမီးဘောလုံး ပြိုင်ပွဲဝင်တွင် ကိန္နရီအသင်း၊ သမ္ဘူလအသင်း၊ အမရာအသင်းစသည့် ပြိုင်ပွဲဝင်အသင်း ၃ သင်းတို့ဖြင့် သြဂုတ်လ ၁၅ ရက်နေ့မှစတင်၍ ပတ်လည်စနစ်ဖြင့် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
သတင်း - သိန်းမြင့်ကျော်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment