MNP - သြဂုတ် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၌ ၂၀၂၂ ခုနှစ် ပညာရေးကော်မတီဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံ အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ ညနေ(၃)နာရီတွင် မြို့မအားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဗိုလ်လုပွဲစဉ်တွင် အ.ထ.က(တောင်ပေါ်စု) အသင်းနှင့် အ.ထ.က (ငါးမြင်းချောင်း) အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ အ.ထ.က(တောင်ပေါ်စု) အသင်းက တစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ပထမဆုတံခွန်စိုက် ဆုဖလားကို ရရှိခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ၂၀၂၂ ခုနှစ်၊ ပညာရေးကော်မတီဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံအသက် (၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသော အ.ထ.က (တောင်ပေါ်စု)အသင်းအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနော်မိုင်လှကြည်က တံခွန်စိုက် ဆုဖလား ဆုချီးမြှင့်ခဲ့ပြီး မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးအုန်းသိန်းက တစ်ဦးချင်း ဆုတံဆိပ်များ ချီးမြှင့်၍ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဦးအောင်တင်ထွန်းက ငွေသားဆုများ ချီးမြှင့်ပေးခဲ့ကြသည်။
၎င်းနောက် ဒုတိယဆုရရှိသော အ.ထ.က (ငါးမြင်းချောင်း)အသင်း၊ တတိယဆုရရှိသော အ.ထ.က(စခန်းကြီး) အသင်းနှင့် နောက်တန်းအကောင်းဆုံး အားကစားသမားဆု၊ အလယ်တန်း အကောင်းဆုံး အားကစားသမားဆု၊ ရှေ့တန်းအကောင်းဆုံး အားကစားသမားဆု၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆုများအား ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ မြောင်းမြမြို့ ပညာရေးကော်မတီဥက္ကဋ္ဌဖလား အသက်(၁၆)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲကို ဇူလိုင်လ (၉)ရက်နေ့မှ သြဂုတ်လ (၁၈)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ကြ ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment