MNP - ဩဂုတ် ၁၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် ၂၀၂၂-ခုနှစ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီက မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ရာ ကျောက်ဆည်တပ်နယ်မှူး ဗိုလ်မှူးချုပ်သိန်းထွေး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မျိုးသိန်း၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးဇော်နိုင်ဦး၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး အောင်မင်းစိန်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မျိုးသိန်းက (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲကို အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး ခရိုင်/မြို့နယ် ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီများဖွဲ့စည်း၍ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းတတ်စေရန်အတွက် ဦးတည်ချက်(၄)ရပ်ဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ ကျောက်ဆည်မြို့သည် ယဉ်ကျေးမှုအစဉ်အလာကြီးမာသော မြို့တစ်မြို့ဖြစ်ရာ ရိုးရာယဉ်ကျေးမှုကိုထိန်းသိမ်း ကြစေလိုကြောင်း ခရိုင်အဆင့်ပြိုင်ပွဲတွင် ဆုရရှိသူများအား ဗဟိုအဆင့်ပြိုင်ပွဲတွင် အောင်မြင်မှုများရရှိရေး ကြိုးစားကြစေလိုကြောင်း အမှာစကားပြောကြားခဲ့သည်။
ဆက်လက်ပြီး တက်ရောက်လာသူများအား ဇော်ဂျီမောင်ဆင်အကဖြင့်လည်းကောင်း၊ ပဉ္စသင်္ခသီချင်းဖြင့်လည်းကောင်း၊ ဒိုးပတ်အဖွဲ့မှ ဧည့်ခံဖျော်ဖြေခဲ့ကြပြီး ကျောက်ဆည်ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ကျောက်ဆည်၊ စဉ့်ကိုင်၊ တံတားဦး၊ မြစ်သားမြို့နယ်များမှ ပြိုင်ပွဲဝင်(၁၂၉)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်းနှင့် ပြိုင်ပွဲများတွင် ဆုရရှိသူ(၃၁)ဦးအားရွေးချယ်ပြီး ဆုများချီးမြှင့်ပေးသွားမည်ကြောင်း သိရသည်။
သတင်း - တင်တင်ထွေး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment