MNP - ဩဂုတ် ၂၈
သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ပျက်စီဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ငလျင်ဘေးသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက မကွေးမြို့အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ထွေးကြည်က ငလျင်ဘေးအန္တရာယ်များ ကြုံတွေ့လာပါက အသက် အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှုလျော့နည်းစေရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက် များ၊ သဘာဝဘေးအန္တရာယ် ဇာတ်တိုက်လေ့ကျင့်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူး များနှင့် ရင်ဆိုင်ကြုံတွေ့လာပါက ဆက်သွယ်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီ အသင်းအဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအသင်း အဖွဲ့များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ စုပေါင်း၍ ငလျင်ဘေးသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ငလျင်ဘေးသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းတွင် မကွေးမြို့အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား/သူ စုစုပေါင်း(၁၅၀)ဦးဖြင့် ဆောင်ရွက်ခဲ့ပြီး တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သတင်း - ကိုစည်သူ
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment