MNP - ဩဂုတ် ၂၄
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်အတွင်းဘ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော နိုင်ငံရေးစစ်ကြောင်း၊ အုပ်ချုပ်ရေးစစ်ကြောင်း၊ လူမှုရေးစစ်ကြောင်း၊ စည်းရုံးရေးစစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးစစ်ကြောင်းစသည့် စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီ (၃၀)မိနစ်အချိန်က ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာအုပ်စုရှိ ပြင်စာရွာဦးကျောင်းဓမ္မာရုံ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြင်ဦးလွင်မြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဝင်းက တွေ့ဆုံပွဲအခမ်းအနားပြုလုပ်ရခြင်းရည်ရွယ်ချက်နှင့် အကြောင်းအရင်းတို့အား ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးသောင်းမြင့်သိန်းက ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပူးပေါင်းပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများကို ဆွေးနွေးသည်။
ဆက်လက်၍ ပြင်ဦးလွင်မြို့နယ် ပြင်စာရဲစခန်းမှ စခန်းမှူးက မှုခင်းကျဆင်းရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာ ရှင်းလင်းပြောကြားပြီး တပ်မတော်လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာကျောင်းမှ ဗိုလ်ကြီးကျော်ကျော်စိုးက နယ်မြေလုံခြုံရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ဆွေးနွေးကာ မြို့နယ်အဆင့် ဌာနဆိုင်ရာများဖြစ်ကြသည့် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စီမံကိန်းရေးဆွဲ ရေးဦးစီးဌာန၊ ဆည်မြောင်းဦးစီးဌာန၊ မြို့နယ်လျှပ်စစ်ဌာနနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်တို့က ဌာနအလိုက်ဆောင်ရွက်နေမှုအခြေအနေများနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ဌာနအလိုက် ဆက်လက်ပူးပေါင်းဆောင်ရွက်ပေးမည့်အခြေအနေများအား အသီးသီးရှင်းလင်းတင်ပြသည်။
ထို့နောက် ကျေးရွာနေပြည်သူများက ကျေးရွာအတွက်လိုအပ်ချက်များအား ပြန်လည်တင်ပြဆွေးနွေးကြရာ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေးပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးသောင်းမြင့်သိန်းက ဖြည့်စွက် ရှင်းလင်းကာ ဆောင်ရွက်ပေးမည့်အစီအမံများအား ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ခိုင်းနွားမွေးမြူရေးအကြောင်း သိကောင်းစရာလက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းနှင့် ပြင်စာကျေးရွာရှိ ကျွဲနွားများအား လည်ချောင်းကွဲရောဂါကာကွယ်ဆေး၊ ပေါင်ပုပ်လက်ပုပ်ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက Mask Campaign ပြုလုပ်ခြင်းနှင့် ပြင်စာကျေးရွာရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းကာကွယ်ဆေး (Booster) ထိုးနှံပေးခြင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ပန်းခင်းစီမံချက်အရ အိမ်ထောင်စုလူဦးရေစာရင်းပြုလုပ်ခြင်းနှင့် မွေးတိုး/အလျော့ ပြုလုပ်ပေးခြင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကျေးရွာတွင်းလမ်းများအား ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြပြီး ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် စိုက်ပျိုးရေးဦးစီးဌာနတို့က ကျေးရွာသူကျေးရွာသားများထံသို့ ထောက်ပံ့ငွေနှင့် သီးပင်စားပင်မျိုးစေ့များ ပေးအပ်လှူဒါန်းခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြင်စာကျေးရွာရှိ ပြင်စာရွာဦးကျောင်းဆရာတော် ဘဒ္ဒန္ထဦးကုမာလထံ သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ အဆိုပါတွေ့ဆုံပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိများအပါအဝင် ကျေးရွာပြည်သူ (၁၃၀) ဦး တက်ရောက်ခဲ့ကြပြီး တွေ့ဆုံပွဲအခမ်းအနားအား မွန်းလွဲ (၃၀)နာရီ (၃၀)မိနစ်အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သတင်း - ဖြူလူသစ်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment